ဖြေလျှော့ခြင်းဖြင့် စီးပွားရေးလုပ်ကိုင်ရန် လွယ်ကူ

နိုင်ငံအလိုက် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှုအညွှန်းကိန်း ၂၀၂၀ အစီရင်ခံစာကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံ၏ အဆင့်သည် ၁၆၅ နေရာသို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ အနေဖြင့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှု အညွှန်းကိန်း အစီအစဉ်တွင် ၂၀၁၄ ခုနှစ်မှ စတင်ပါဝင်လာခဲ့ရာ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ်တွင် နိုင်ငံပေါင်း ၁၈၉ နိုင်ငံ - အနက် မြန်မာနိုင်ငံ၏အဆင့်သည် ၁၈၂ ရရှိခဲ့သည်။ ဆိုလိုသည်မှာ စီးပွားရေး လုပ်ကိုင် လွယ်ကူမှု အောက်ဆုံးအဆင့်နားသို့ ရောက်ရှိနေကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

 

၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် အစီရင်ခံစာမှာပါဝင်သည့် နိုင်ငံပေါင်း ၁၉၀ ရှိပြီး မြန်မာနိုင်ငံ အနေဖြင့် အဆင့် ၁၇၁ တွင် နှစ်နှစ်ဆက်တိုက် ရပ်တည်လာရာမှ ယခု ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၆၅ သို့ ရောက်ရှိလာခဲ့ရာ စီးပွားရေးလုပ်ကိုင်နိုင်မှု ပိုမိုလွယ်ကူလာခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

 

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရများက အဆိုပါ ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက် အစီရင်ခံစာကို စောင့်ကြည့်လေ့လာပြီး ၎င်းတို့ စီးပွားရေးလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံလျက်ရှိရာ အဆိုပါအစီရင်ခံစာ အရ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက် လာလိမ့်မည်ဖြစ်သည်။

 

နိုင်ငံအလိုက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု အညွှန်းကိန်း (Ease of Doing Business Ranking Report) ကို ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး စီးပွားရေးလုပ်ဆောင်ရန် အခြေအနေ များအား အညွှန်းကိန်း ၁၀ ခုဖြင့် တိုင်းတာအဆင့် သတ်မှတ်ထုတ်ပြန်ပေးခြင်း ဖြစ်သည်။

 

အဆိုပါအညွှန်းကိန်း ၁၀ ခုတွင် စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း၊ ဆောက်လုပ်ရေးလိုင်စင် လျှောက်ထားခြင်း၊ လျှပ်စစ်မီးရရှိခြင်း၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ ချေးငွေရရှိခြင်း၊ အစုရှယ်ယာအနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း၊ အခွန်ထမ်းဆောင်ခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခြင်း၊ စာချုပ်ပါသဘောတူညီချက်အတိုင်း စီရင်ချက်ချမှတ်ခြင်း၊ ကျွေးမဆပ်နိုင်ခြင်းကို ဖြေရှင်းခြင်းတို့ ပါဝင်သည်။

 

မြန်မာနိုင်ငံအနေဖြင့် အညွှန်းကိန်း ၁၀ ခုအနက် ဆောက်လုပ်ခွင့် ရယူခြင်း၊ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း၊ ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း၊ ပဋိညာဉ်အတည်ပြုဆောင်ရွက်ခြင်း၊ အနည်းစုရင်းနှီးမြှုပ်နှံသူ များအား အကာအကွယ်ပေးခြင်း ကဏ္ဍများတွင် တိုးတက်မှုရှိပြီး နှစ်ခုက ပြောင်းလဲမှုမရှိဘဲ သုံးခုမှာ အဆင့်ကျဆင်းခဲ့ကြောင်း သိရသည်။ အထက်ပါ အညွှန်းကိန်းများ တိုးတက်ရန်အတွက် အဓိက လိုအပ်ချက်မှာ ဝန်ဆောင်မှုလုပ်ငန်းများကောင်းမွန်ရန်နှင့် စည်းနှောင်မှုများ ဖြေလျှော့ရန် လိုအပ်သည်။ အချက်တစ်ချက်အနေဖြင့် မြန်မာနိုင်ငံတွင် ကုမ္ပဏီတစ်ခု စတင်တည်ထောင်ရန်အတွက် လုပ်ဆောင် နိုင်မှုများကို ဖြေလျှော့ပေး ခဲ့ရာ ယခုအခါတွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သည်အထိ လွယ်ကူ လျင်မြန်အောင် ဖြေလျှော့ပေးထားသည်ကို တွေ့ရသည်။

 

စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူလာသည်နှင့်အမျှ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း တိုးတက်လာ မည်ဖြစ်ရာ လက်ရှိဆောင်ရွက်နေသော စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုများ၊ ဝန်ဆောင်မှုလုပ် ငန်းများနှင့်ဆိုင်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယခုထက် ဖြေလျှော့ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

ကြေးမုံ