ဖျာပုံ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အဖြစ် မြို့နယ်အတွင်းရှိ အသက် (၁၀၀)နှင့်အထက် အဘိုးအဘွားများနှင့် ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းနှင့် အလှူငွေ၊ လှူဖွယ်ဝတ္ထုများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း လိုက်လံဆောင်ရွက်ကြသည်။
ဦးစွာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ကန်တော့ခံ အဘိုးအဘွားများအား ပူဇော်ကန်တော့ကြသည်။
ထို့နောက် ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာရှိ အဘိုး ၁၉ ဦးနှင့် အဘွား ၂၃ ဦး စုစုပေါင်း ၄၂ ဦး တို့အား တစ်ဦးလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းငွေကျပ် ၂၀၀၀၀၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများက လှူဒါန်းငွေကျပ် ၅၀၀၀၀ စုစုပေါင်း လှူဒါန်းငွေ ကျပ် ၇၀၀၀၀ အား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တစ်ဦးချင်း ပေးအပ်လှူဒါန်းသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ် ငါးသိန်းအား ပေးအပ်လှူဒါန်းရာ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာဥက္ကဋ္ဌ ဦးဘဟိန်းက လက်ခံရယူသည်။ ဆက်လက်၍ ဖျာပုံမြို့နယ်အတွင်းရှိ အသက် (၁၀၀)နှင့်အထက် အဘိုးအဘွား ခြောက်ဦးအား ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ဦးဆောင်၍ အဘိုးအဘွား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းကို အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


