နေပြည်တော် အောက်တိုဘာ ၁၂
ပျော်ဘွယ်မြို့နယ်၌ ငွေကျပ် ၃၇၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း၊ ဘိန်းဆီခဲများနှင့် ကြည့်မြင်တိုင် မြို့နယ်နှင့် လှိုင်မြို့နယ်တို့၌ ငွေကျပ် သိန်း ၆၄၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီခွဲတွင် သတင်းအရ ပျော်ဘွယ် မြို့နယ် တောင်ဂွရွာအနီးတွင် သာစည်မြို့နယ် ပြည်ညောင်ရွာနေ စိုးမင်း(၄၈)နှစ် မောင်းနှင်လာ သော CZI 125 အမျိုးအစား ဆိုင်ကယ်နှင့် ညောင်ရွှေမြို့နယ် လုံကန်ရွာနေသူများဖြစ်သည့် စိုင်းလုံဝမ်း(၂၂)နှစ် မောင်းနှင်ပြီး လင်းထက်အောင် (၂၂)နှစ် လိုက်ပါလာသော Honda 100 အမျိုး အစား ဆိုင်ကယ်တို့အား ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်နှစ်စီးပေါ်မှ ၎င်းတို့သယ်ဆောင်လာသည့် ဘိန်းစိမ်း ၂၂ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၃၃၇ ဒသမ ၅ သိန်း)နှင့် ဘိန်းဆီခဲ ၁ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၃၇ ဒသမ ၅ သိန်း) တို့ အား သိမ်းဆည်းရမိပြီး ကွင်းဆက် အရ ယင်းနေ့မွန်းလွဲ ၂ နာရီတွင် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်ရာတွင် ပူးပေါင်း ပါဝင်သူများဖြစ်သည့် ညောင်ရွှေမြို့နယ် ကုလားကုန်း ရွာနေ ရှမ်းကြီး(ခ) ဘမော်(၄၂)နှစ်အား သာစည်မြို့နယ် ချောက်ခွဲ ကျေးရွာအနီးတွင် Toyomax ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ အောက်တိုဘာ ၁၀ ရက် နံနက် ၁၁ နာရီတွင် ကောလင်းမြို့နယ် ချဉ်ပြစ်ခုံရွာနေ ဇင်မင်းထွေး(၃၄)နှစ်အား အမရပူရမြို့နယ် မြစ်ငယ်- မန္တလေး - စစ်ကိုင်းသွားလမ်းဆုံတွင်လည်းကောင်း ဖမ်းဆီးရမိ သဖြင့် စိုးမင်း၊ စိုင်းလုံဝမ်း၊ လင်းထက်အောင်၊ ရှမ်းကြီး(ခ) ဘမော်နှင့် ဇင်မင်းထွေးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အတူ မူးယစ်ဆေးဝါး
တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် သတင်းအရ ကြည့်မြင်တိုင်မြို့နယ် ဆေးငြိမ်းရပ်ကွက် ကမ်းနားလမ်း တွင်တွေ့ရှိသူ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အပြင်ပဒံ ရွာနေ အောင်မျိုးဦး (၂၇)နှစ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွ ဆေးပြား ၈၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၁၆ သိန်း)အား သိမ်းဆည်းရမိပြီး ကွင်းဆက်အရ ယင်းနေ့ညနေ ၄ နာရီခွဲတွင် လှိုင်မြို့နယ် (၃)ရပ်ကွက် (၁၁)လမ်းတွင် ထန်းတပင်မြို့နယ် သရက်ခြံရွာနေ ထွန်းထွန်းလင်း (ခ) ကောက်ကွေး (၄၈)နှစ်ထံမှ စိတ်ကြွဆေးပြား ၁၂၀၀ (တစ်ပြား လျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ် ၂၄ သိန်း)အားလည်းကောင်း၊ ညနေ ၆ နာရီတွင် သန်လျင်မြို့နယ် ကညင်ပင်ရွာနေ ရဲဝင့်အောင်(ခ) ကိုရဲ (၃၅)နှစ်အား အဆိုပါနေရာ၌ စိတ်ကြွဆေးပြား ၃၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၆၀၀) အားလည်းကောင်း ထပ်မံ သိမ်းဆည်းရမိသဖြင့် အောင်မျိုးဦး၊ ထွန်းထွန်းလင်း(ခ)ကောက်ကွေးနှင့် ရဲဝင့်အောင် (ခ)ကိုရဲတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


