ရန်ကုန် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး သုံးခွ မြို့နယ်တွင် ပဲမျိုးစုံနှင့်လယ်ယာ ထွက်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်စေရေး အသိပညာပေးဆွေးနွေးပွဲကို အမှတ် (၇)ရပ်ကွက် လေးကျွန်းမာရ် အောင်စေတီတော် ဓမ္မာရုံ၌ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဝင်းသန်းက အမှာ စကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးသန်းက အယ်လ်နီညို သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှုမရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းပညာဆွေးနွေးခြင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အပင်ဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာမြင့်လွင်က ပဲမျိုးစုံနှင့် လယ်ယာထွက်ကုန်များကို ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်စေရေး အသိပညာပေး ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သည်။ ထို့နောက် Golden Star ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာက Golden Star ထုတ်ကုန်များနှင့် ပတ်သက်၍ ရှင်းလင်းမိတ်ဆက်သည်။ ယင်းနောက်တောင်သူများ၏ မေးမြန်းမှုများကို ရှင်းလင်း ဆွေးနွေးသည်။
ဆက်လက်၍ မြေဆီလွှာပညာရှင် ဒေါ်လွင်မွန်ဖူးက မြေနမူနာများ စစ်ဆေးခြင်းနှင့် Soil Scanner စက်အသုံးပြုခြင်းကို သရုပ်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။
ကျော်ဆန်း


