ပဲခူး စက်တင်ဘာ ၈
၂၀၂၆ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အကြောင်း အမျိုးမျိုးကြောင့် ပုံမှန်ကျောင်း စနစ်အတွင်း မသင်ကြားနိုင်သည့် ကျောင်းပြင်ပရောက် ကလေးများအတွက် ကျောင်းပြင်ပ ပညာရေးနှင့် စဉ်ဆက်မပြတ် သင်ယူခွင့် အခွင့်အလမ်းများကိုလည်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသလို ကျောင်းပြင်ပ မူလတန်း၊ အလယ်တန်းပညာရေး အတန်းနေရာ ချထားစစ်ဆေးမှု (Placement Test) အထူးအစီအစဉ်ကိုလည်း ဖော်ဆောင်ပေးခဲ့ကြောင်း၊ အတတ်ပညာမရှိလျှင် အသိပညာမရှိနိုင်သည့်အတွက် အခြားသူများ၏ သွေးထိုး လှုံ့ဆော်မှုများကို နားယောင်၍ မိမိတို့၏ ဘဝ တစ်လျှောက်လုံး ပျက်စီးသွားနိုင်သည်ကို သတိချပ်ရမည်ဖြစ်ကြောင်းနှင့် စာတတ်မြောက်မှုသည် လူတိုင်းပါဝင်နိုင်သော လူမှုအသိုင်းအဝိုင်း တည်ဆောက်ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်သော အသိပညာဖွံ့ဖြိုးရေး၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်း တိုးတက်မှုတို့နှင့် ဆက်နွှယ်မှုရှိသဖြင့် လူတိုင်းစာတတ်မြောက်ရေး အားလုံးဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဒေါက်တာ ထူးခြားအောင်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသသည်။
ယင်းနောက် ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အထက-မြို့အနောက် (ခ)မှ ကျောင်းသား ကျောင်းသူများက “အနာဂတ်လူရည်မွန်” ၊ “ ဘယ်သူ ပြိုင်လို့လှပါတော့နိုင်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဖျော်ဖြေရေး ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


