ပဲခူး ဩဂုတ် ၉
ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးငါးလုပ်ငန်းစခန်း၊ သနပ်ပင် ငါးလုပ်ငန်းစခန်းနှင့် အုတ်ဖိုငါး လုပ်ငန်းစခန်းစသည့် ငါးသား ပေါက်စခန်းသုံးခုမှ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ရွှေဝါငါးကြင်း၊ ငွေရောင် ငါးကြင်းနှင့် ငါးခုံးမကြီးတို့ကို ငါးသားဖောက် ထုတ်လုပ်ပြီး ရာခိုင်နှုန်း ၄၀ ခန့်ကို သဘာဝရေပြင်သို့ မျိုးစိုက်ထည့်၍ ရာခိုင်နှုန်း ၆၀ ကို မွေးမြူသူတောင်သူများထံ ရောင်းချနိုင်ခဲ့ကြောင်းနှင့် သဘာဝ ရေပြင်သို့ ငါးမြစ်ချင်း၊ ငါးခုံးမနှင့် ရွှေဝါငါးကြင်းသားပေါက် ၄၂ ဒသမ ၂၂၀ သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကာ ငါးသားပေါက် ၁၁ ဒသမ ၂၇၀ သိန်းကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“စားရေရိက္ခာ ဖူလုံစေရေးနဲ့ ငါးရိက္ခာ ပေါများရေးအတွက် မွေးမြူရေးငါးအပြင် သဘာဝ တိုင်းရင်းငါးတွေဖြစ်တဲ့ ငါးခူ၊ ငါးကျည်း၊ ငါးဖန်းမ၊ ငါးရံ့နဲ့ ငါးနက်ပြာတို့ကို ဆေးထိုး သားဖောက်မွေးမြူပြီး သဘာဝမြစ်ချောင်းအင်းအိုင်ထဲကို မျိုးစိုက် ထည့်ပေးပါတယ်။ ငါးမွေးတောင်သူ ၂၉၀၀ ကျော်က ဈေးကွက်ဝင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုတ်နဲ့ တီလားပီးယားငါးတွေကို မွေးမြူကြတာကြောင့် သားဖောက် ထုတ်လုပ်ပေးပြီး သင်တန်းနဲ့ ဆွေးနွေးပွဲတွေမပြတ် ဆောင်ရွက်ပေးနေပါတယ်”ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ငါးလုပ်ငန်းစခန်းသုံးခုမှ ငါးသား ပေါက် ၁၃၂ ဒသမ ၂၀၀ သိန်း ထုတ်လုပ်ရန်လျာထားပြီး မျိုးစိုက်ထည့်ခြင်းနှင့် ရောင်းချမှုအဖြစ် သားပေါက်ကောင်ရေ ၅၃ ဒသမ ၄၉၀ သိန်း ထုတ်လုပ်နိုင်ခဲ့ကာ ကျန်ရှိသည့် သားပေါက် ၇၈ ဒသမ ၇၁၀ သိန်းကို ဆက်လက် သားဖောက် ထုတ်လုပ်သွားမည် ဖြစ်သည်။
တိုင်းဒေသကြီး အတွင်း၌ သားငါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ငါးမွေးမြူမှုဧက ၃၀၀၀၀ ကျော်မှ ရေချိုငါးများကို မွေးမြူထုတ်လုပ် လျက်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးမြူရေးတောင်သူ ၂၀၀၀ ကျော်အား ရေချိုငါးလုပ်ငန်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ငါးသယံဇာတ ထိန်းသိမ်းခြင်း၊ ကောင်းမွန်သော ရေသတ္တဝါကျင့်စဉ် (GAqP)၊ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်း၊ တိုင်းရင်းငါးပြေမ ဆေးထိုးသားဖောက်ပြုစုမွေးမြူခြင်းနှင့် မြစိမ်း ရောင်စီမံကိန်း (ငါးကဏ္ဍ) တွင် သင်တန်းပို့ချခြင်း၊ ဆွေးနွေးခြင်းတို့ကို အကြိမ်ရေ ၆၀ ကျော် လက်တွေ့ သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး


