ပဲခူး ဩဂုတ် ၈
၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက် (၂၃) နှစ် မြို့နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ခရိုင်ပေါင်းစုံ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲကို ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီးအားကစားဥယျာဉ်၌ ဩဂုတ် ၄ ရက်မှ ၇ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် ကျင်းပသည်။
ဦးစွာ အမျိုးသားလေးယောက်တွဲ ဗိုလ်လုပွဲအဖြစ် ပဲခူးမြို့နယ်အသင်းနှင့် ကြို့ပင်ကောက်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီးများနှင့် ဆုရရှိသည့်အသင်းများကို တစ်ဦးချင်း ဆုတံဆိပ်၊ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ အသင်း ၂၈ သင်းက အုပ်စု ရှစ်စု ခွဲ၍ သုံးယောက်တွဲ၊ လေးယောက် တွဲပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း လေးသင်း ပါဝင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


