ပဲခူးမြို့၌ လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ကျင်းပ

ပဲခူး အောက်တိုဘာ ၂၇

 

လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်ကို ယမန်နေ့ညပိုင်းက ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

အဆိုပါ လယ်ယာသုံး စက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်၌ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းရှင် ၄၂ ဦး၏ လူသုံးကုန်၊ စားသောက်ကုန်နှင့် တိုင်းရင်းဆေးဝါးစုစုပေါင်း အမျိုးအစား ၃၀၀ ကျော်၊ လယ်ယာသုံးစက် ကိရိယာထုတ်လုပ်သူ လုပ်ငန်းရှင် ၂၀ ၏ လယ်ယာလုပ်ငန်းသုံးပစ္စည်းနှင့် သဘာဝမြေဩဇာ အမျိုးအစားပေါင်း ၈၀ ကျော်နှင့် အစိုးရ စက်မှုလက်မှုသိပ္ပံ (တောင်ငူ)မှ ကျောင်းသား ကျောင်းသူများ စမ်းသပ်တီထွင်ထားသည့် လယ်ယာလုပ်ငန်းသုံးပစ္စည်းများ ခင်းကျင်းပြသရောင်းချလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ တောင်သူများ လာရောက်လေ့လာဝယ်ယူသူများနှင့် စည်ကားလျက်ရှိသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော် ဖွင့်ပွဲကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွဋ်၊ တိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်ကျော်လင်းနှင့် တိုင်းဒေသကြီး လယ်ယာသုံး စက်မှုထုတ်ကုန်အသင်း ဥက္ကဋ္ဌ ဦးငယ်လေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

 

လှည့်လည်ကြည့်ရှု

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက လယ်ယာသုံးစက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် အရောင်းပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)