ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး ၁၀၀၀၀ ပူဇော်

ပဲခူး အောက်တိုဘာ ၂၈

 

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးအား ယမန်နေ့ညပိုင်းက သီတင်းကျွတ် လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ဆီမီး ၁၀၀၀၀ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ရွှေမော်ဓောဘုရား ရင်ပြင်တော်ပေါ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ရွှေမော်ဓောစေတီတော်မြတ်ကြီးအား နမောတဿ သုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြပြီး ဆီမီး ၁၀၀၀၀ ကို စတင်မီးထွန်းညှိပူဇော်ခဲ့ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ နှင့် ဒေသခံပြည်သူများက ဆုတောင်းပြည့်ရွှေမော် ဓောစေတီတော်ရင်ပြင်ပေါ်၌ ဆီမီးများ အသီးသီး ထွန်းညှိခြင်းနှင့် ရောင်စုံမီးပုံးပျံများ လွှတ်တင်ပူဇော်ခဲ့ကြကာ တေးညွန့်မင်္ဂလာ တေးဂီတအဖွဲ့က ညိမ့်ညောင်းသာယာသောဓမ္မတေးများဖြင့် သီဆိုပူဇော်ခဲ့ကြသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေမော်ဓောဘုရားလမ်း တစ်လျှောက်၌ ဌာနဆိုင်ရာများ၏ စတုဒိသာမဏ္ဍပ်များတွင် ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ မြန်မာမုန့်မျိုးစုံ၊ အချိုရည်၊ အအေးနှင့် အခြားစားသောက်ဖွယ်ရာများ စတုဒိသာကျွေးမွေးနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

 

သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ညချမ်းအချိန်တွင် ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရား၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီး စသည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတွင် ညစဉ် ဆီမီးပူဇော်ခြင်းနှင့်အတူ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)