ဩစတြေးလျနိုင်ငံသား ၁၃ သန်းကျော် နေ့စဉ်ဘဝတွင် AI ကို အသုံးပြုနေ

အောက်တိုဘာ ၂၁

ဩစတြေးလျနိုင်ငံသား ၁၃ သန်းကျော်သည် ၎င်းတို့၏ နေ့စဉ်ဘဝတွင် AI (ဉာဏ်ရည်တု) ကိရိယာများကို အသုံးပြုလျက်ရှိသည်ဟု အစိုးရအစီရင်ခံစာတစ်စောင်အရ သိရသည်။ AI အသုံးပြုမှုသည် အလုပ်လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသူများအကြား အများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

ဩစတြေးလျဖက်ဒရယ်အစိုးရအေဂျင်စီဖြစ်သော Jobs and Skills Australia (JSA) သည် ၂၀၂၆ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီရင်ခံစာအရ ဩစတြေးလျနိုင်ငံသား ၁၃ ဒသမ ၆ သန်းခန့်သည် နေ့စဉ် AI ကိရိယာများကို အသုံးပြုနေကြသည် ဟု သိရသည်။

အသက် ၂၅ နှစ်မှ ၃၄ နှစ်အတွင်းရှိသူများ၏ ၇၄ ရာခိုင်နှုန်းနှင့် အသက် ၃၅ နှစ်မှ ၄၉ နှစ်အတွင်းရှိသူများ၏ ၇၂ ရာခိုင်နှုန်း သည် AI ကို နေ့စဉ်အသုံးပြုနေကြသည်ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်တမ်းတစ်ခုအရလည်း စစ်တမ်းဖြေဆိုသူများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် သတင်းအချက်အလက်နှင့် အကြံဉာဏ်များရယူရန် AI ကို အသုံးပြုကြပြီး စစ်တမ်းဖြေဆိုသူများ၏ ၃၉ ရာခိုင်နှုန်းသည် အလုပ်နှင့် ပညာသင်ကြားရေးအတွက် အကြောင်းအရာများ ဖန်တီးရာတွင် AI ကို အသုံးပြုကြသည်ဟု သိရသည်။

ဩစတြေးလျဖက်ဒရယ်အစိုးရအေဂျင်စီ၏ ယာယီကော်မရှင်နာ Trevor Gauld က AI ပေါ်ပေါက်လာမှုကြောင့် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို နားလည်သဘောပေါက်ရန် အရေးကြီးကြောင်းနှင့် ထိုအပြောင်းအလဲများကိုနားလည်ခြင်းသည် နိုင်ငံအနေဖြင့်အလုပ်အကိုင်ကဏ္ဍတွင် ပေါ်ပေါက်လာမည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ကြိုတင်ပြင်ဆင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို