နယူးဇီလန်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ နှစ်ဦး ထပ်မံတွေ့ရှိ

၁၅ ဇူလိုင်

 

 

နယူးဇီလန် နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နှစ်ဦးကို ယနေ့ ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေး ဝန်ကြီးဌာန ပြောကြားချက်အရ သိရသည်။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၁၉၇ ဦး ရှိကြောင်း အတည်ပြုထားသည်။

 

 

ယနေ့တွေ့ရှိခဲ့သော ကူးစက်ခံရသူ ပထမတစ်ဦးမှာ ပါကစ္စတန်နှင့် ဒူဘိုင်းတို့မှ ဇူလိုင် ၁၀ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာသူ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။

 

 

၎င်းအမျိုးသားသည် ရိုတာရာမြို့ရှိ ဆူဒီမာ ဟိုတယ်တွင် သီးခြား နေထိုင်နေပြီး သုံးရက်မြောက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုကို စမ်းသပ်တွေ့ရှိခဲ့သည်။

 

 

ဒုတိယ ကူးစက်ခံရသူ တစ်ဦးမှာ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ထိုနေ့မှာပင် ဒူဘလင်နှင့် ဒူဘိုင်းတို့မှ ရောက်ရှိလာသူ ဖြစ်သည်။

 

 

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာစီဒါ အာဒန်က ကိုဗစ်-၁၉ ကူးစက်မှု အသစ်များနှင့် ပတ်သက်ပြီး အစီအစဉ်များ ချမှတ်ထားကြောင်း ယနေ့ ပြောကြားခဲ့သည်။

 

 

ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ  ကူးစက်ခံရမှုနှင့် ပတ်သက်ပြီး ဆေးရုံတွင် ကုသမှုခံယူနေသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့် ဆက်စပ်ပြီး သေဆုံးသူ ၂၂ ဦး ရှိကြောင်း သိရသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို