နယူးဇီလန်နိုင်ငံ၏ နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ကိုဗစ်ကပ်ရောဂါမတိုင်မီက ခရီးသွားဝင်ရောက်မှု အဆင့်သို့ နီးကပ်လာ

အောက်တိုဘာ ၁၄

နယူးဇီလန်နိုင်ငံသို့ ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ၂၀၁၉ ခုနှစ် ဩဂုတ်လက နိုင်ငံခြားခရီးသွားဝင်ရောက်မှုအဆင့်၏ ၉၉ ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ကြောင်း နွေရာသီခရီးသွားရာသီမတိုင်မီ နိုင်ငံ၏ခရီးသွားလုပ်ငန်းကဏ္ဍ ဆက်လက်ပြန်လည် နာလန်ထူ လာလျက်ရှိကြောင်း အဆင့်မြင့်အရာရှိတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ၏ စာရင်းအင်းဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း နိုင်ငံခြားခရီးသွား ဝင်ရောက်မှုသည် ၂၀၁၉ ခုနှစ် ဩဂုတ်လက စံချိန်တင်ခရီးသွားဝင်ရောက်မှု ၂၅၁၁၀၀ ဦးနှင့်နီးစပ်ခဲ့ကြောင်း ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝတ်ပြုဝန်ဆောင်မှုဆိုင်ရာ ဝန်ကြီး Louise Upston က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

 

အဆိုပါစာရင်းအင်းများအရ ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် တရုတ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှုသည် ယခင်နှစ် အလားတူကာလကခရီးသွားဝင်ရောက်မှုထက် ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ခရီးသွား အများဆုံးလာရောက်သည့် နိုင်ငံများအနက် တိုးတက်မှုအမြင့်ဆုံး ဖြစ်ခဲ့ကြောင်းနှင့် ဩစတြေးလျနိုင်ငံမှ ခရီးသွား ဝင်ရောက်မှုမှာလည်း ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

ဩစတြေးလျနိုင်ငံသည်  ခရီးသွားလာရောက်မှုအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး အမေရိကန်၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှ ခရီးသွားဝင်ရောက်မှုများလည်း ယခင်နှစ် အလားတူကာလကထက် တိုးတက်လာခဲ့သည်ဟု ဝန်ကြီး Upston က ဆိုသည်။

၂၀၂၆ ခုနှစ်အရောက်၌ နိုင်ငံတကာခရီးသွားဝင်ရောက်မှုအရေအတွက်ကို ၂၀၁၉ ခုနှစ်အဆင့်ထက် မနိမ့်သောအဆင့်သို့ တိုးမြှင့်ရောက်ရှိစေရန် ရည်မှန်းချက်ချမှတ်ခဲ့ရာ နောက်ဆုံးထုတ်ပြန်သော အချက်အလက်များအရ ထိုရည်မှန်းချက်ကို ပြည့်မီနိုင်မည့် အခြေအနေရှိကြောင်း ၎င်းကပြောကြားသည်။

ခရီးသွားလုပ်ငန်းသည် နယူးဇီလန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ပို့ကုန်ဝင်ငွေရရှိသည့် ကဏ္ဍဖြစ်ပြီး နယူးဇီလန်နိုင်ငံသား ကိုးဦးလျှင် တစ်ဦးသည် ခရီးသွားလုပ်ငန်းကဏ္ဍတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အလုပ်အကိုင်ရရှိလျက်ရှိကြောင်းကိုလည်း ၎င်းကထောက်ပြပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို