နွယ်တမယ်ကျေးရွာ ရန်ပြေမာန်ပြေဒို့ထိပ်တင် သဲပုံစေတီပွဲတော်ကို အစဉ်အလာမပြတ် ကျင်းပ

စလင်း ၉ မတ်

 

မြန်မာ့ယဉ်ကျေးမှု ဆယ့်နှစ်လရာသီပွဲတော်များအနက် တပေါင်းလသဲပုံစေတီပွဲတော်ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ပျော်ရွှင်စရာ တပေါင်းပွဲတော်အဖြစ် ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် နွယ်တမယ်ကျေးရွာ စလင်းချောင်းသဲသောင်ပြင်၌ တပေါင်းလပြည့်နေ့က ရန်ပြေမာန်ပြေဒို့ထိပ်တင် သဲပုံစေတီပွဲတော်ကို အစဉ်အလာမပြတ် ဆင်ယင်ကျင်းပသည်။

 

သဲပုံစေတီပွဲတော်ကို နွယ်တမယ်ကျေးရွာသူ ကျေးရွာသားများက ကျေးရွာရှိ မဟာမင်္ဂလာဂန္တာရုံ စာသင်တိုက် သက်တော်ရှည်ဆရာတော် ဉီးက္ကုန္ဒဝံသအား အမှူးထား၍ နှစ်စဉ် ဘုံကိုးဆင့်သဲပုံစေတီ တည်ထားပူဇော်ခြင်းဖြစ်ပြီး တပေါင်းလဆန်း ၁၄ ရက်တွင် ဇော်ယိမ်းအကအဖွဲ့၊ ထီးဇော်၊ နန်းဇော်များဖြင့် ရွှေထီးလှည့်လှည်ကာ ဘုရားအနေကဇာတင်လှူပူဇော်သည်။

 

1

 

တပေါင်းလပြည့်နေ့တွင် ပင့်သံဃာရှင်အပါး ၁၀၀ အား စာရေးတံမဲ ဆွမ်းသပိတ်လောင်းလှူပွဲနှင့် ရေစက်ချတရားတော် နာယူကြည်ညိုခဲ့သည်။

 

နွယ်တမယ်ကျေးရွာ တပေါင်းလသဲပုံစေတီပွဲတော်ကို ကောဇာသက္ကရာဇ် ၁၃၄၀ ခုနှစ်မှ စတင်ကျင်းပ လာသည်မှာ နှစ်ပေါင်း ၄၀ ကျော်လာပြီဖြစ်ပြီး သဲပုံစေတီကျင်းပရခြင်းမှာ ဂင်္ဂါသဲစုမက ပွင့်တော်မူပြီးသော ဘုရားရှင်များကိုအာရုံပြု၍ ဘုရားဂုဏ်တော်များကို မမေ့လျော့စေရန် ကျင်းပခြင်းဖြစ်ကြောင်း မဟာမင်္ဂလာ ဂန္တာရုံစာသင်တိုက်ဆရာတော် ဉီးက္ကုန္ဒဝံသမှ မိန့်ကြားသည်။

 

မြန်မာ့ပြက္ခဒိန် နှစ်တစ်နှစ်၏ နောက်ဆုံးလဖြစ်သော တပေါင်းလအခါသမယတွင် တပေါင်းလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ မြတ်ဗုဒ္ဓပြည်တော်ဝင်နေ့အဖြစ် တပေါင်းလသဲပုံစေတီပွဲတော်ကို နိုင်ငံအနှံ့အပြားတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

 

စိုးမိုးသူ(စလင်း) (ပြန်/ဆက်)