ဉတာပရာဒက်ပြည်နယ်တွင် အိန္ဒိယ အာဏာရပါတီ (BJP) ခေါင်းဆောင် ပစ်ခတ်ခံရ

၁၁ ဩဂုတ်

 

 

အိန္ဒိယမြောက်ပိုင်း ဉတာပရာဒက် ပြည်နယ်တွင် အိန္ဒိယအာဏာရပါတီ (BJP) ခေါင်းဆောင် ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

 

BJP ခေါင်းဆောင် ဆန်ဂျေ ကိုကာ သည် ဉတာပရာဒက်မြို့တော် လက်ခ်နောင်း အနောက်ဘက် ၅၈၁ ကီလိုမီတာအကွာ ဘက်ပတ်ခရိုင်ရှိ ၎င်းနေအိမ်အနီး စိုက်ခင်းများတွင် မနက်ခင်း လမ်းလျှောက်ထွက်နေစဉ် ယင်းကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်သည်။

 

 

ဘက်ပတ်ဒေသသည် အိန္ဒိယနိုင်ငံမြို့တော် ဒေလီနှင့် နီးကပ်စွာ တည်ရှိသည်။

 

 

BJP ခရိုင် ဉက္ကဌဟောင်း ဆန်ဂျေ ကိုကာ၏ သွေးများစိုရွှဲနေသော ရုပ်အလောင်းကို ၎င်း၏နေအိမ်အနီး ကြံစိုက်ခင်းတွင် ယနေ့မနက်က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောကြားခဲ့သည်။

 

 

၎င်း၏ ရုပ်အလောင်းတွင် ကျည်ဆံ ဒဏ်ရာများ အနှံ့အပြား ရှိနေသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

 

 

၎င်း၏ကြံစိုက်ခင်းတွင် မနက်ခင်း လမ်းလျှောက်နေစဉ် သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

 

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားရာ နေရာသို့ လူအုပ်ကြီး ရောက်ရှိလာပြီး ထိုပစ်ခတ်မှုကို စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့လည်း ရောက်ရှိလာခဲ့သည်။

 

 

ဉတာပရာဒက် ပြည်နယ်ဝန်ကြီးချုပ်က ကိုကာ သေဆုံးခဲ့သည့်အပေါ် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ၂၄ နာရီအတွင်း ထိုပစ်ခတ်မှုနှင့် ပတ်သက်ပြီး အစီရင်ခံစာ တင်ရန် ရဲတပ်ဖွဲ့ကို  အမိန့်ပေးခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို