နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲများကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း လေးကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ၁၉ ကျောင်းတို့၌ မေ ၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ခဲ့ရာ စက်မှုကျောင်းများတွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်း၊ လက်ကိုင်ဖုန်းပြင် သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်းများတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ၏ သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ မုဒုံမြို့အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။

 

အလားတူ သင်တန်းဆင်းပွဲများ ကျင်းပခဲ့သည့် ဘားအံမြို့ စက်မှုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ထားဝယ်မြို့ စက်မှုသင်တန်း ကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အောင်ပန်းမြို့ စက်မှု သင်တန်းကျောင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပုသိမ်မြို့ အိမ်တွင်းမှု သင်တန်းကျောင်း တွင် ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်၊ လဟယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း၊ ဆိုက်ခေါင်အိမ်တွင်းမှု သင်တန်းကျောင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ မြိုင်ကြီးငူ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကရင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့ တက်ရောက်ကြပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။

 

အဆိုပါ သင်တန်းကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ သင်တန်းသား သင်တန်းသူစုစုပေါင်း ၆၆၈ ဦးဖြင့် မေ ၄ ရက် မှ အောက်တိုဘာ ၂ ရက်အထိ ရက်သတ္တ ၂၂ ပတ်ကြာ နေထိုင်စားသောက်ရေးနှင့် လက်တွေ့ခန်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ အခမဲ့ထောက်ပံ့သင်ကြားပေးခဲ့ပြီး သင်တန်း ထူးချွန်ဆုရရှိသူများအား အပ်ချုပ်စက်တစ်စုံစီနှင့် သင်တန်းသား သင်တန်းသူများ အတွက် သင်တန်းဆင်း အောင် လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခြင်း၊ အလုပ်အကိုင် ရရှိရေးအတွက် မြို့ကြီးများရှိ အထည်ချုပ်စက်ရုံများ၊ စက်မှုဇုန်၊ အလုပ်ရုံ၊ စက်ရုံများနှင့် ဟိုတယ်ဇုန်များတွင် ဝင်ရောက်လုပ်ကိုင် နိုင်ရေး ချိတ်ဆက်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့အချိန်အထိ စက်မှုကျောင်းများတွင် သင်တန်းသား သင်တန်းသူ ၇၂၁၆ ဦးနှင့် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် သင်တန်းသားသင်တန်းသူ ၉၈၆၅၈ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်