ဉာဏ်ရည်တုနည်းပညာ၏ အန္တရာယ်နှင့် ယနေ့လူသားများ

မောင်မောင်စွယ်စုံထွန်း

ဉာဏ်ရည်တု(Artificial Intelligence - AI) သည် ကွန်ပျူတာသိပ္ပံပညာရပ်၏ ဘာသာရပ်ခွဲတစ်ခုဖြစ်ပြီး စက်ကိရိယာများတွင် လူတို့၏ ဉာဏ်ရည် ဉာဏ်သွေးကို တုပထည့်သွင်းရန်ရည်ရွယ်သည့်ပညာရပ်ဖြစ်သည်။ AI ဖတ်စာအုပ်များတွင် ယင်းအား “အသိဉာဏ်ရှိသော ကိုယ်စားလှယ်များ (Intelligent Agents) ဒီဇိုင်းထုတ်ခြင်းကိုလေ့လာခြင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။

အသိဉာဏ်ရှိသော ကိုယ်စားလှယ်ဆိုသည်မှာ ပတ်ဝန်းကျင်ကို နားလည်သိမြင်ပြီး အောင်မြင်မှုနှုန်းကို မြှင့်တင်ရန်အတွက် လုပ်ဆောင်နိုင်သည့်စနစ်များဖြစ်သည်။ ဤအသုံးအနှုန်းကို စတင်သုံးနှုန်းခဲ့သူ ဂျွန်မက်ကာသီ (John McCarthy) က ဉာဏ်ရည်တုအား “ဉာဏ်ပညာရှိသောစက်များဖန်တီးနိုင်မည့် သိပ္ပံနှင့် အင်ဂျင်နီယာပညာ”ဟု အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ယနေ့ခေတ်တွင် AI ကို လူသားများက အလွန်အမင်းအားကိုးလာနေကြသည်။ ထို့ကြောင့် AI က လူသားများကို တမင်တကာ ရန်ငြိုးထားပြီး ရုပ်ရှင်ထဲကကဲ့သို့ စက်ရုပ်တပ်ဖွဲ့နှင့် တိုက်ခိုက်သတ်ဖြတ် ခြင်းမျိုးထက် ပညာရှင်များသတိပေးနေသည့် အန္တရာယ်များမှာ နည်းပညာကို မှားယွင်းစွာထိန်းချုပ်မိခြင်း သို့မဟုတ် မရည်ရွယ်ဘဲ ဖြစ်လာနိုင်သည့် အခြေအနေများအပေါ် အဓိကအခြေခံပါသည်။

သိပ္ပံပညာရှင်များနှင့် နည်းပညာလေ့လာသူများ ထောက်ပြထားသည့် သီအိုရီဆိုင်ရာ အန္တရာယ်လမ်းကြောင်းများမှာ-

(၁) ရည်မှန်းချက် မကိုက်ညီမှု။ AI ကိုပေးလိုက်သည့်တာဝန်တစ်ခုကို ပြီးမြောက်ရန်ကြိုးစားရင်း လူသားများ၏ တန်ဖိုးသတ်မှတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားနိုင်သည့် ပြဿနာဖြစ်ပါသည်။ (ဥပမာ “ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကို အပြီးတိုင်ရပ်တန့်ပါ” ဆိုသည့် ရည်မှန်းချက်ကိုပေးလိုက်သည့်အခါ AI က ကာဗွန်ထုတ်လွှတ်မှု၏ အဓိကတရားခံဖြစ်သည့် လူသားများကို လုံးဝမရှိတော့အောင် ဖယ်ရှားပစ်ခြင်းက အကောင်းဆုံးနည်းလမ်းပဲဟု ကောက်ချက်ချသွားနိုင်သည့် သဘောတရားမျိုးဖြစ်ပါသည်။)

(၂) အလိုအလျောက်သုံး စစ်လက်နက်များ။ ဆုံးဖြတ်ချက်ကို လူသားမပါဘဲ ကိုယ်တိုင်ချမှတ်ခွင့်ရှိသည့် စစ်လက်နက်စနစ်များ၊ ဒရုန်းများ သို့မဟုတ် နျူကလီးယားထိန်းချုပ်မှုစနစ်များထဲသို့ AI ကို လုံးဝလွှဲအပ်ထားမိသည့်အခါ စနစ်အမှား (System Glitch) ကြောင့်ဖြစ်စေ၊ ဆိုက်ဘာတိုက်ခိုက်မှုကြောင့်ဖြစ်စေ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စစ်ပွဲကြီးများ မတော်တဆဖြစ်ပွားသွားနိုင်ပါသည်။

(၃) ဇီဝလက်နက်နှင့် အဆိပ်အတောက်များထုတ်လုပ်မိခြင်း။ ဓာတုဗေဒနှင့် ဇီဝဗေဒဆိုင်ရာ AI မော်ဒယ်လ်များသည် ဆေးဝါးသစ်များရှာဖွေရာတွင် အလွန်အသုံးဝင်သလို တစ်ဖက်တွင်လည်း အလွန် ပြင်းထန်ပြီး ကုသရခက်သည့် ရောဂါပိုးမွှားသစ်များ သို့မဟုတ် အဆိပ်အတောက် ဖော်မြူလာများကို အလွယ်တကူတီထွင်ပေးနိုင်သည့် အန္တရာယ်ရှိပါသည်။

(၄) အရေးပါသည့်အခြေခံအဆောက်အအုံများ ပြိုလဲခြင်း။ ကမ္ဘာ့လျှပ်စစ်ဓာတ်အားကွန်ရက်၊ ရေပေးဝေရေး၊ ဆေးရုံစနစ်များနှင့် ဘဏ္ဍာရေးကွန်ရက်များကို AI နှင့် လုံးလုံးလျားလျား ချိတ်ဆက်ထိန်းချုပ်ထားချိန်တွင် စနစ်အကြီးအကျယ်ချွတ်ယွင်းသွားလျှင် လူမှုအဖွဲ့အစည်းတစ်ခုလုံး ရုတ်တရက်ရပ်တန့်သွားပြီး အသက်အန္တရာယ် ကြီးကြီးမားမား ကြုံရနိုင်ပါသည်။

အဆိုပါအချက်များသည် သီအိုရီအရစိုးရိမ်ရသည့်အချက်များဖြစ်ပြီး လက်ရှိတွင် ကမ္ဘာ့နိုင်ငံများနှင့် နည်းပညာကုမ္ပဏီများက AI Safety (AI ဘေးကင်းလုံခြုံရေး)၊ လူသားထိန်းချုပ်မှုအောက်မှာသာ အမြဲရှိနေစေရေး စည်းမျဉ်းများနှင့် စနစ်တကျကန့်သတ်ထိန်းကျောင်းရန် ပြင်ဆင်ဆောင်ရွက်နေကြပြီဖြစ်ပါသည်။

၂၁ ရာစုအလွန် ယနေ့ကမ္ဘာကြီးတွင် နေ့စဉ်နှင့်အမျှ တစ်ရက်နှင့်တစ်ရက် မတူညီအောင် နည်းပညာအသစ်အဆန်းများ တီထွင်ဆန်းသစ်မှု များပြားလာလျက်ရှိရာ အမျိုးမျိုးသော နည်းပညာများအနက် လူသားများနေ့စဉ်ထိတွေ့နေရသော မရှိမဖြစ် နည်းပညာမှာ ညဏ်ရည်တုဟုခေါ်ဝေါ်သည့် နည်းပညာဖြစ်သည်။ လူသားတို့ နေ့စဉ်အသုံးပြုနေရသည့် smart phone ၊ Computer စသည့် မရှိမဖြစ် ပစ္စည်းများမှာ AI နည်းပညာနှင့်မကင်းပေ။

အင်တာနက်မှ အချက်အလက်များ ရှာဖွေဖတ်ရှုချင်၍ဖြစ်စေ၊ Youtube ၊ Netflix တို့မှ ရုပ်ရှင်များကြည့်ရှုခြင်းဖြစ်စေ၊ အမေဇုန်ကဲ့သို့ အွန်လိုင်းမှဈေးဝယ်ခြင်းမျိုးဖြစ်စေ အစရှိသည့် လူတို့၏ နေ့စဉ် လုပ်ဆောင်ချက်များ နောက်ကွယ်တွင် AI ရှိနေသည်။ AI ကို ကြားလိုက် သည်နှင့် အလိုအလျောက်မောင်းနှင်နိုင်သည့်ကားများ၊ စက်ရုပ်‌များ၊ လူတိုင်းနီးပါးကြားဖူးကြပြီးဖြစ်သည့် ChatGPT နှင့် အခြားသော chatbots များ၊ လူကိုယ်တိုင်ရိုက်ကူးထားခြင်းမဟုတ်သည့်ပုံများ ကိုသာ တွဲဖက်မြင်မိကြမည်ဖြစ်သည်။

ထိုကဲ့သို့ရလဒ်များ ထုတ်ပေးနိုင်သည့် AI ဆိုသည်မှာ ယခုပစ္စုပ္ပန် နှင့် အနာဂတ်တွင် လူသားများအပေါ် မည်သို့အကျိုးသက်ရောက်နိုင်သည်ဆိုသည်ကို သိရှိထားရန်လိုအပ်ပါသည်။ AI ဟူသည် ၁၉၅၀ နောက်ပိုင်းမှစတင်ကာ နည်းပညာသစ်တစ်ခုအနေဖြင့်ရှိခဲ့သည်။ လူ့အသိဉာဏ်ပါမှလုပ်၍ရသည့် အလုပ်တစ်ခုကို စက်ပစ္စည်းက လူ့အသိဉာဏ်မပါဘဲ သီးသန့်လုပ်ဆောင်နိုင်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

AI ဆိုသည်မှာ အလိုအလျောက် သင်ယူလေ့လာနိုင်စေရန် ရေးဆွဲထားသည့် ကွန်ပျူတာပရိုဂရမ်တစ်ခုဖြစ်သည်။ Machine-learning Algorithm များသုံးပြီး deep learning စနစ်နှင့် သင်ယူ နိုင်စေရန် ရေးဆွဲထားသည်ဟု ဆိုနိုင်သည်။ လူသားများတွင် ဦးနှောက် ရှိပြီး စဉ်းစားတွေးခေါ် သင်ယူနိုင်သကဲ့သို့ AI သည်လည်း ကွန်ပျူတာ ၏ ဦးနှောက်အဖြစ် မှတ်ယူနိုင်သည်။

ဉာဏ်ရည်တုနည်းပညာကို အဓိက အသုံးပြုနေသည့်နေရာများသည် အားလုံးသိကြသည့်အတိုင်း စက်ရုပ်များတွင်ဖြစ်သည်။ ဖွံ့ဖြိုး ပြီးနိုင်ငံများတွင် မောင်းသူမဲ့ကားများ၊ ဒရုန်းယာဉ်များ၌ ထည့်သွင်း အသုံးပြုရုံသာမက မော်တော်ကားထုတ်လုပ်ရေး စက်ရုံများတွင် အလိုအလျောက် ကားအစိတ်အပိုင်းတပ်ဆင်သူ စက်ရုပ်များအဖြစ်လည်း အသုံးပြုကြပါသည်။ စားသောက်ဆိုင်များတွင် စားပွဲထိုး၊ ဧည့်ကြိုများအဖြစ်လည်းကောင်း၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက် သူများအဖြစ် လည်းကောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် လည်းကောင်း၊ website များ၏ Search engine တွင်လည်းကောင်း၊ ကွန်ပျူတာနှင့် စမတ်ဖုန်းများတွင်လည်းကောင်း AI ဉာဏ်ရည်တုနည်းပညာကို အသုံးပြုလာကြပြီဖြစ်သည်။

နောက်ပိုင်းစက်ရုပ်များတွင် ယခင်စက်ရုပ်များကဲ့သို့ သတ်မှတ်ထားသည့်အတိုင်း အလုပ်တစ်ခုခုကိုလုပ်နေခြင်းမျိုးမဟုတ်ဘဲ အိမ်သုံးစက်ရုပ်များအနေဖြင့် တံမြက်စည်းလှည်းခြင်း၊ ဖုန်သုတ်ခြင်း၊ ပန်းကန်ဆေးခြင်း စသည်တို့အပြင် ကလေးများကိုပါ ထိန်းကျောင်းပေးနိုင်သည့် စက်ရုပ်များအထိပါ ဖန်တီးနိုင်ခြင်းသည် AI နည်းပညာ၏ အကျိုးကျေးဇူးများပင်ဖြစ်သည်။

AI နှင့် စိန်ခေါ်မှုများ

ကမ္ဘာ့ခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များနှင့် နည်းပညာရှင်များက ဉာဏ်ရည်တုနည်းပညာ၏အသုံးဝင်မှုများကိုသာမက ထိုနည်းပညာ ကိုအလွဲသုံးပြီး ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကို သတိပြုနိုင်ရန်နှင့် ကာကွယ်နိုင်မည့် ဥပဒေများကိုပါ ဆုံးဖြတ်ပြဋ္ဌာန်းလာကြသည်ကို တွေ့ရသည်။ အမေရိကန်ကဲ့သို့ နည်းပညာထွန်းကားသည့် နိုင်ငံကြီးသည်ပင် နည်းပညာအလွဲသုံးမှုအန္တရာယ်များကို သတိပြုလာကြရာ နိုင်ငံငယ်များအနေဖြင့်လည်း ကြိုတင်သတိပြုပြင်ဆင်ထားရမည်ဖြစ်သည်။

ဉာဏ်ရည်တုနည်းပညာသည် လက်ရှိတွင် အဆင့်မြင့်ဆုံး နည်းပညာတစ်ခုဖြစ်ပြီး လူအများ၏ဘဝကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးနိုင်စွမ်းရှိသော်လည်း တစ်ချိန်တည်းမှာပင် အဆိုပါ နည်းပညာကြောင့် လုံခြုံရေးခြိမ်းခြောက်မှုများထိပါ ရှိနိုင်ကြောင်း နိုင်ငံ့ခေါင်းဆောင်များက ပြောကြားလာကြသည်။ ဉာဏ်ရည်တု နည်းပညာကြောင့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် တိုးတက် ဖွံ့ဖြိုးမှုများရှိလာသလို လူတို့၏ကိုယ်၊ စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ခြင်း၊ သတင်းမှားများ ဖန်တီးနိုင်ခြင်း၊ အလုပ်အကိုင်များ ဆုံးရှုံးနိုင်ခြင်း၊ အနာဂတ်တွင် အဆိုပါနည်းပညာကြောင့်ပင် လူသားမျိုးနွယ် တစ်ခုလုံးကို အန္တရာယ်ပေးလာနိုင်ကြောင်း သုံးသပ်မှုများရှိလာသည်။

သိပ္ပံနှင့်နည်းပညာ မြင့်မားတိုးတက်လာသော လူ့အသိုက်အဝန်းတွင် AI နည်းပညာသည် ဆန်းသစ်သည့်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်သည်။ သိမှုဉာဏ်အပြင် လူ့စိတ်ခံစားချက်ကို နားလည်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့ကို ထည့်သွင်းစဉ်းစားနိုင်စွမ်းရှိသည့် ဉာဏ်ရည်ထည့်သွင်းထားသော ဉာဏ်ရည်တုလူမိတ္တူဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးပြီးနိုင်ငံ မဟုတ်သေးသော်လည်း ၂၀၁၃ ခုနှစ်တွင် ဆက်သွယ်ရေးဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဆက်သွယ်ရေးနည်းပညာကဏ္ဍကို လွတ်လပ်သော ဈေးကွက်အဖြစ် ဖွင့်လှစ်ပေးနိုင်မှုနှင့်အတူ နည်းပညာများစွာ ဖွံ့ဖြိုးတိုးတက်လာနေပါသည်။ အွန်လိုင်းဝန်ဆောင်မှုစနစ်များ၊ ဒီဂျစ်တယ် နည်းပညာစနစ်များ ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော်လာနိုင်သောကြောင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူတို့၏ နေ့စဉ်လူမှု စီးပွားဘဝများတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာအသုံးပြုမှုအပေါ် များစွာမှီခိုလာကြသည်။ အသုံးပြုမှု ကျယ်ပြန့်လာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှု၊ တိုက်ခိုက်မှုများလည်း များပြားလာခဲ့သည်။

ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် လူသားဖြစ်တည်မှုနှင့် လူနေမှုဘဝပတ်ဝန်းကျင်ကို လွှမ်းမိုးထိခိုက်နိုင်သည့် အခြေအနေများ ကြုံတွေ့လာနေသည်။ အမျိုးသားလုံခြုံရေးအထိ ပါဝင်လာနိုင်သောကြောင့် နိုင်ငံအများစုက ညဏ်ရည်တုနည်းပညာ ကို မူဝါဒ၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများဖြင့်ထိန်းကျောင်းရန် ကြိုးစားလာကြသည်။ သတင်းအချက်အလက်နှင့် နည်းပညာ ဆိုက်ဘာနယ်ပယ်တွင်လည်း စိန်ခေါ်မှုများ များပြားလာသည့်အတွက် မျက်ခြည်မပြတ်စောင့်ကြည့်ရန် လိုအပ်လာသည်။

မြန်မာနိုင်ငံအနေဖြင့် နည်းပညာ တိုးတက်ဖြစ်ထွန်းလာမှုနှင့်အတူ ကြိုတင်ကာကွယ်ဖြေရှင်းရန်လိုအပ်သော ဆိုက်ဘာလုံခြုံရေးမူဝါဒကို ၂၀၂၃ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားသည်။ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ မူဝါဒတွင်ပါဝင်သော အချက်အလက်များကို သက်ဆိုင်ရာနယ်ပယ် အလိုက် သိရှိနားလည်အောင် ဆောင်ရွက်ထားရန်လိုအပ်ပြီး AI နည်းပညာ၏ အသုံးဝင်မှုနှင့် အန္တရာယ်တို့ကို သိရှိနားလည်နိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါသည်။ ။