ဉာဏ်ရည်တုလှိုင်းများ (၁၅)

နီဇော်သစ်

ဉာဏ်ရည်တုလှိုင်းများခေါင်းစဉ်ဖြင့် အေအိုင်နည်းပညာနှင့် အကျိုးဆက်များအကြောင်း ဆွေးနွေး ခဲ့သည်မှာ အပိုင်း(၁၅)ရောက်ခဲ့ပါပြီ။ အဆုံးသတ်ဖို့လည်းသင့်ပါပြီ။ တကယ်တော့ ဤဆောင်းပါးများ ကိုစရေးစဉ်က  အေအိုင်၏   စွမ်းဆောင်ရည်များ၊ လူသားတို့ကပေးသည့် လုပ်ပိုင်ခွင့်အဆင့်၊ ဖွံ့ဖြိုး တိုးတက်မှုနှင့်  အကျိုးဆက်များ၊  ပါဝါပြန်လည်ဖြန့်ဝေမှုတို့ကို အစဉ်အတိုင်း လေ့လာစူးစမ်းရင်း လိုက်သွားလျှင် ကျွန်တော်တို့လို တတိယလှိုင်းနိုင်ငံမှ လူသားတစ်ယောက်အတွက် အေအိုင်လှိုင်းအောက် နစ်မြုပ်မသွားရန် အဖြေတစ်ခုခုရလာမည်ဟုထင်ခဲ့သည်။ တကယ်တမ်းတွင် မေးခွန်းများက သာ ပိုများလာခဲ့သည်။

ပြီးခဲ့သည့် အပိုင်း(၁၄)တွင် အေအိုင်လှိုင်းကို စဉ်ဆက်မပြတ်သင်ယူရင်း အေအိုင်နည်းပညာကို အသုံးချကာ ကိုယ်ပိုင်တန်ဖိုးတစ်ခု ဖန်တီးတည်ဆောက်ခြင်းဖြင့်    လှိုင်းစီးဖို့ပြောခဲ့သည်။ သတင်းနည်းပညာကိုသုံးပြီး အဆက်မပြတ် ထိုးနှက်နေသော အချက်အလက်များကို   ကိုယ့်အတွက် တန်ဖိုးရှိသည့် သတင်းများဖြစ်အောင်လုပ်ပြီး ကိုယ်သုံးမည့် အေအိုင်စနစ်အတွက်  အရင်းအမြစ်များ ဖြစ်အောင်လုပ်ဖို့ပြောခဲ့သည်။ ထိုလမ်းကြောင်းမှာ တစ်ကိုယ်စာအတွက် မမှားလောက်ဟု ကျွန်တော်ထင်သည်။ သို့သော် ကျွန်တော်တို့သည် ကျွန်တော်တို့ထက် ပိုမိုကြီးမားသောအရာတစ်ခု၏   အစိတ် အပိုင်းအဖြစ် မလွှဲမရှောင်သာ ပါဝင်ကြရသည်။ ထို့ကြောင့် ရွေးချယ်စရာများမှာလည်း တစ်ယောက် နှင့်တစ်ယောက် တူညီကြမည်မဟုတ်ပေ။

ဝမ်းသာစရာ  သတင်းစကားတစ်ခုမှာ  ပြီးခဲ့သည့်ရက်ပိုင်းအတွင်း  အီလွန်မက်စ်ပြောခဲ့သည့် ၂၀၃၆ ခုနှစ်အလွန်တွင်   ပိုက်ဆံသည်   ပြဿနာရှိတော့မည်မဟုတ်ဆိုသည့်  စကားဖြစ်သည်။  ဆိုလိုသည်မှာ အေအိုင်နှင့် စက်ရုပ်တို့က ကျွန်တော်တို့အတွက် လိုအပ်သောကုန်စည်နှင့် ဝန်ဆောင်မှုများကိုအလျဉ်မီအောင် ထုတ်လုပ်ပေးသွားမည်ဖြစ်၍ မည်သူမဆို စားသုံးနိုင်မည်ဖြစ်၍ပင်။ ပထမဆုံး ထရီလီယံနာဖြစ်ခဲ့ဖူးသူတစ်ယောက်၏ အိပ်မက်က ထိုမျှကြီးမားသည်မှာ အပြစ်မဆိုသာ။ ပြန်ကြည့်လျှင် လီခိုင်ဖု၏ ၂၀၄၁ ခုနှစ်ထဲမှ ပေါကြွယ်ခေတ်သဘောတရားနှင့်   အလားသဏ္ဌာန်တူသည်။  လီခိုင်ဖုက ၂၀၄၁၊ အီလွန်မက်စ်က ၂၀၃၆ ဆိုတော့ သိပ်ကွာလှသည်တော့မဟုတ်။ နောက်ကျလျှင်ပင် ကျွန်တော်တို့သက်တမ်းအတွင်း မြင်တွေ့သွားရနိုင်သည်ဟု မျှော်လင့်စရာရှိသည်။ သို့သော် ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့် ထိုမျှကြီးမားသော အရာတစ်ခု၏  အစိတ်အပိုင်းဖြစ်ဖို့ ကြိုးစားအားထုတ်မှုတစ်ခုခု လိုဦးမည်ဖြစ်သည်။ ဥပမာပြောရလျှင် လီခိုင်ဖု၏ ပေါကြွယ်ခေတ်ထဲမှ ဂုဏ်သိက္ခာပိုက်ဆံကို ကိုင်ဆောင်ထားနိုင်ဖို့။

သို့သော် စိုးရိမ်ဖွယ်သတင်းစကားတစ်ခုလည်း ရှိသည်။ ယင်းမှာ မူစတာဖာ ဆူလီမန်၏ လမ်းကျဉ်း သဘောတရားပင်။ သူက ဒါရွန်အာစီမိုဂလူနှင့် ဂျိမ်းစ်ရော်ဘင်ဆင်တို့၏ စင်္ကြံကျဉ်းသဘောတရား ကို  အေအိုင်လှိုင်းတို့အတွက် ယူသုံးထားခြင်းဖြစ်သည်။ ကျွန်တော်တို့သည် တစ်ဖက်ကအာဏာရှင် ချောက်ကမ်းပါး၊ တစ်ဖက်က ဗဟိုထိန်းချုပ်မှုမဲ့ပြီး ကစဉ့်ကလျားဖြစ်စေမည့် ချောက်ကမ်းပါး နှစ်ခုကြားရှိ လမ်းကျဉ်းလေးထဲတွင် လျှောက်လှမ်းနေကြရသည်။ နည်းပညာတို့က ထိုလျှောက်လမ်းလေး ကိုပိုကျဉ်းလာစေသည်။ အေအိုင်နည်းပညာနှင့် လက်ရှိကမ္ဘာ၏ အနာဂတ်သည်လည်း ထိုအတိုင်းပင်။ နည်းပညာကို ထိန်းချုပ်နိုင်သူတို့က အပြည့်အဝချုပ်ကိုင်သွားမလား သို့မဟုတ် နည်းပညာကို မထိန်းချုပ်နိုင်ဘဲ ‘မကောင်းသူထိပ် ကောင်းသူထိပ်’ လူမျိုးစုံထံသို့ မထိန်းချုပ်နိုင်သောပါဝါများ ပြန့်ကျဲသွားမလား။ ထိန်းချုပ်သူတို့သည် အစိုးရ၊ ကော်ပိုရိတ်ကြီးများ၊ အဖွဲ့အစည်းကြီးများ အစရှိသဖြင့် မျိုးစုံဖြစ်နိုင်သည်။ မဟာအလဲအထပ်သဘောတရားအရ လူအများက သူတို့ကို ထိန်းချုပ်ခွင့်ပေးပြီး အပြန်အလှန်အားဖြင့် သူတို့က ငြိမ်းချမ်းခြင်းနှင့် ကြီးပွားချမ်းသာမှုကို ပြန်ပေးရမည်။ ထိုသဘောမှာ အကြမ်းဖက်မှုများကင်းဝေးပြီး  ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်သော  လမ်းကြောင်းဖြစ်သည်ကို သမိုင်းက သက်သေခံထားပြီးသားဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၃၀၀ အတွင်း လူသားတို့ကို ဖွံ့ဖြိုးတိုးတက်စေခဲ့သော လမ်းကြောင်းလည်း ဖြစ်သည်။

အီလွန်မက်စ်နှင့် လီခိုင်ဖုတို့၏ မျှော်လင့်ချက်ပန်းတိုင်မှာလည်း ထိုလမ်းကြောင်းဖြစ်သည်။ သို့သော် ပန်းတိုင်ရောက်ပြီးသည့်တိုင် လမ်းကျဉ်းသဘောတရားက လျော့ကျသွားဦးမည်မဟုတ်ပေ။ ဗဟိုချုပ်ကိုင်မှုဆီသို့ ဦးတည်မသွားစေရန်နှင့် တစ်ဖက်တွင် ကစဉ့်ကလျားမဖြစ်စေရန်မှာ လူ့အဖွဲ့ အစည်းထဲမှ   တစ်ဦးတစ်ယောက်ချင်းစီ၏တာဝန် ဖြစ်လာသည်။ ထိုလူ့အဖွဲ့အစည်းသည် ပါဝါကိုင်ထားသောအဖွဲ့များကို ထိထိရောက်ရောက် တုံ့ပြန်နိုင်စွမ်းရှိရမည်။ စည်းမျဉ်းဥပဒေများ၏ အသုံးဝင်မှုကို သမိုင်းတစ်လျှောက် တွေ့မြင်ခဲ့ရသည်။ အလားတူ စည်းမျဉ်းဥပဒေတို့၏ အားနည်းချက်များကိုလည်း တွေ့မြင်ထားရပြီးသား။ ထို့ပြင် နည်းပညာသည်  ၂၁ ရာစု ကွမ်တမ်ခုန်နှုန်းဖြင့် သွားနေချိန်တွင် စည်းမျဉ်းဥပဒေတို့သည် ၁၉ ရာစု မီးရထားများကို စီးနင်းပြီး လိုက်နေရသည်။ ထို့ကြောင့် စည်းမျဉ်းဥပဒေသက်သက်ကို အားကိုးရုံမျှဖြင့် ကျွန်တော်တို့  ရင်ဆိုင်ရမည့်ပြဿနာများကို   ကျော်လွှားနိုင်မည်မဟုတ်သည်မှာ  သေချာသည်။

ထို့ကြောင့် လူအများစု၏  လှုပ်ရှားမှုတို့က အရေးကြီးသည်။ ပို၍ တိတိကျကျပြောရလျှင် နည်းပညာကို အမီလိုက်နိုင်သည့် လူ့အဖွဲ့အစည်း၏ အစွန်းနှစ်ဖက်ကို  တုံ့ပြန်မှုဖြစ်သည်။ တစ်နည်းအားဖြင့် ဉာဏ်ရည်တုနှင့် ပါဝါထိန်းချုပ်မှုကို ပညာဖြင့် တုံ့ပြန်ခြင်းဖြစ်သည်။ ပညာမပါလျှင် ထိန်းချုပ်သူများ အောက်၌ နည်းပညာသာမက လူသားတို့ပါ ရောက်သွားလိမ့်မည်။ ပညာမပါလျှင် ထိန်းချုပ်မှု ကင်းမဲ့သွားချိန်၌ ကစဉ့်ကလျားဖြစ်မှုကို ပြန်အဖတ်ဆယ်နိုင်မည်မဟုတ်။ ထို့ကြောင့် အနာဂတ်ကို ရင်ဆိုင်ဖို့ ယနေ့ခေတ်အတွက် အရေးကြီးဆုံးအချက်တစ်ချက်မှာ နည်းပညာတို့၏၊ အထူး သဖြင့် အေအိုင်နည်းပညာ၏လမ်းကြောင်းကို မျက်ခြည်ပြတ်မသွားအောင် စောင့်ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ပညာတိုးပွားအောင် ကြိုးစားအားထုတ်နေသည့် လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ဖို့ဖြစ်သည်။

ဉာဏ်ရည်တုလှိုင်းများသည် အဆက်မပြတ် ဆက်လက်ရိုက်ခတ်ဖို့ရှိနေသည်။ ရပ်နေမည်မဟုတ်။ မည်သူ့ကိုမျှ စောင့်နေမည်မဟုတ်။ သူ့သဘော တရားအတိုင်း သူဆက်သွားနေမည်။ ကျွန်တော်တို့လို သာမန်လူများအနေဖြင့် ထိန်းချုပ်၍လည်းမရ ရှောင်လွှဲ၍လည်းမရသော ဆုပ်လည်းစူး စားလည်းရူး အနေအထားတွင်ရှိသည်။ ထို့ကြောင့် လိုက်ပါစီးနင်းနေထိုင်ဖို့သာရှိသည်။ ထိုသို့နေထိုင်နိုင်ဖို့ ပညာလိုသည်။ အေအိုင်အပါအဝင် နည်းပညာတို့ကို ကြောက်စရာလည်းမလို၊ ကိုးကွယ်စရာလည်း မလို။ နားလည်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင်အသုံးချဖို့သာ လိုအပ်သည်။  သို့သော် လှိုင်းစီးရာတွင် လူသားဆန်ဆန်စီးကြသူများရှိသလို အတ္တရှေ့တန်းတင်ပြီး စီးနေကြသူများလည်းရှိမည်မှာ သေချာသည်။ ထိုသူများသည် ကျွန်တော်တို့ကို လမ်းကျဉ်းထဲမှ ဆွဲချမည့်သူများဖြစ်သည်။  ထိုသို့သောသူများအန္တရာယ်ကို ကာကွယ်ဖို့လည်းလိုအပ်သည်။

ဆိုလိုသည်မှာ အေအိုင်ကို နည်းပညာတစ်ခုအဖြစ်သာ မြင်ခြင်းသည်မလုံလောက်။ ကျွန်တော်တို့၏ စဉ်းစားပုံ၊ အလုပ်လုပ်ပုံ၊ သင်ယူပုံ၊ ပါဝါခွဲဝေပုံတို့ကို ပြောင်းလဲပေးနေသောလှိုင်းတစ်ခုဖြစ်သည်။ ထိုလှိုင်းအတိုင်းဆက်သွားပြီး ပေါကြွယ်ခေတ်သို့ ရောက်ခြင်းသည် အကောင်းမြင်လမ်းကြောင်း ဖြစ်သည်။ အကောင်းမြင်ခြင်းကို အပြစ်မတင်လိုသော်လည်း အဆိုးမြင်ငြင်းပယ်မှုကိုတော့ ရှောင်ရှားရမည်။ တစ်နည်းအားဖြင့် ဖြစ်လာနိုင်သည့် ဆိုးကျိုးများအတွက် ကြိုတင်ပြင်ဆင်ထားကြရမည်။ ထို့ကြောင့် အဖြေထက် မေးခွန်းများသာပိုများလာသည်ဟု ရှေ့တွင်ပြောခဲ့ခြင်းဖြစ်သည်။ လူသား တို့၏ ဗီဇအတိုင်းသင်ယူမှု၊  ဖန်တီးမှုနှင့်  ပညာရှာဖွေမှုတို့မှာလည်း ရပ်တန့်နေမည်မဟုတ်၍  မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ ရှင်သန်ဖို့ ဖန်တီးနိုင်ကြမည်သာ။

‘ဉာဏ်ရည်တုလှိုင်း’ဆောင်းပါးများထဲတွင် ကျွန်တော်သည် အေအိုင်နည်းပညာအကြောင်း မိတ်ဆက်သည်။ နည်းပညာ၏စွမ်းဆောင်ရည် တိုးတက်မှုများအကြောင်း ပညာရှင်တို့၏အမြင်များကို ဆွေးနွေးသည်။ လူသားတို့က အပ်နှင်းသော လုပ်ပိုင်ခွင့်၏ အရေးပါမှုကိုပြောသည်။ လုပ်ပိုင်ခွင့် လျှော့ပေးလျှင်  ကောင်းစွာထိန်းချုပ်နိုင်မည်ဖြစ်သည့်တိုင် ထိန်းချုပ်မှုလျှော့ချခြင်းဖြင့် စွမ်းဆောင်ရည်မြင့်တက်လာခြင်းကို လက်မလွှတ်လိုသော သုတေသီတို့သည် တတ်နိုင်သလောက် လျှော့ပေးပြီး စမ်းသပ်ကြမည့်အကြောင်း ဆွေးနွေးသည်။ လက်ရှိ အေအိုင်နည်းပညာရောက်နေသည့် လမ်းကြောင်းအပေါ် ပညာရှင်များ၏သုံးသပ်ချက်ကို တင်ပြသည်။ နောက်ဆုံး ကျွန်တော်တို့လို  တတိယလှိုင်းနိုင်ငံမှ ပြည်သူတို့အနေဖြင့် ဘယ်လိုတုံ့ပြန်နိုင်မလဲဆိုသည့် ကျွန်တော့်အယူအဆကို ဆွေးနွေးသည်။ အဖြေတော့မထွက်ပါ။ ထွက်စရာလည်းအကြောင်းမရှိပါ။ စာဖတ်သူတို့အတွက် ဆက်လက်စဉ်းစားစရာ အချက်အလက်များ၊ သဘောတရားများနှင့် ဖြစ်နိုင်ခြေများကို ခင်းကျင်းပြသနိုင်ခဲ့သည်ဆိုလျှင်  ကျေနပ်ပါသည်။