ဉာဏ်ပညာနှင့်ယှဉ်သော မေတ္တာတရားဖြင့်

mdn

နေပြည်တော် ၂၉ မတ်

 

ယနေ့ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ၏ တိုက်ခိုက်မှုကို တွန်းလှန်ဖြိုဖျက်ရန် အချိန်နှင့်ကြုံနေရ၏။ COVID-19 ရောဂါ သည်လည်း မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်အန္တရာယ်ပေးနေသော ကမ္ဘာ့ကပ်ရောဂါလည်းဖြစ်၏။ လွန်စွာလျင်မြန်သော အရှိန်ဖြင့် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနေရင်း ယခုအခါ မြန်မာနိုင်ငံအတွင်းသို့လည်း ရောက်ရှိလာပြီဖြစ်၏။ လက်ငင်းကာလတွင် ရောဂါပိုးတွေ့ရှိသူ ရှစ်ဦးသာ ရှိသေးသည် ဆိုသော်လည်း နိုင်ငံတကာတွင် ဖြစ်ပျက်နေသော အတွေ့အကြုံများအရ များစွာတိုးပွားလာနိုင်သည်ဟု တွက်ဆထားရပါ၏။

 

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကို မြန်မာနိုင်ငံအနေဖြင့် တွန်းလှန်ရာတွင် ပြည်သူလူထု၏ ရင့်ကျက်သောအသိ အမြော်အမြင်ကြီးသော အင်အားလိုပါသည်။

 

ယခုဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားလာပုံကို လေ့လာလျှင် ရောဂါပိုးရှိနေသော ပြည်ပနိုင်ငံများက လာသည့်သူက ခုနစ်ဦးရှိပြီး ထိုနိုင်ငံများနှင့် ဆက်စပ်လုပ်ကိုင်သူ နိုင်ငံခြားခရီးသွား ဧည့်လမ်း ညွှန်တစ်ဦးတို့ ဖြစ်ပါသည်။ ထို့ကြောင့်ပင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအမံဖြင့် နိုင်ငံရပ်ခြားမှ ဝင်ရောက် လာသူများကို သီးသန့်ခွဲခြားကာ စောင့်ကြပ်ကြည့်ရှုနေပါသည်။

 

လတ်တလောအားဖြင့် ပြည်ပမှ ဝင်ရောက်လာသူများကို ပြည်တွင်းနေသူများနှင့် ထိတွေ့မှုနည်းနိုင်သမျှ အနည်းဆုံး ဖြစ်အောင် စီစဉ်ထားရှိ၏။ လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ ကျန်းမာရေး ဆိုင်ရာ ဝန်ထမ်းများ အစရှိသည့် ဝင်ရောက်လာသူများနှင့် မဖြစ်မနေ တွေ့ထိဆက်ဆံရမည့် သူများကိုလည်း အတတ်နိုင်ဆုံး အကာအကွယ်များ ရှိနေစေရန် စီမံထား၏။

 

ယခု တိုင်းပြည်တွင်းသို့ ဝင်လာသူများကို ဗိုင်းရပ်စ်ရောဂါပိုး ရှိမရှိ ၁၄ ရက်ကြာ စောင့်ကြပ်ကြည့်ရှုသည့် အစီအစဉ်ကို ပြုလုပ်နေ၏။ နိုင်ငံသားတစ်ယောက်၏ တာဝန်အရဖြစ်စေ၊ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာသော တာဝန်သိ လူသားတစ်ဦးအနေဖြင့် ဖြစ်စေ တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုပါသည်။ ဥပဒေ အရလည်း ကိုင်တွယ်ထိန်းချုပ်သွားမည်ဟု သိရပါသည်။

 

ပြည်တွင်းနေ ပြည်သူများကလည်း အတတ်နိုင်ဆုံး အိမ်တွင်းသာ နေကြရန်၊ မကြာခဏ လက်ဆေးကြရန်၊ လူတစ်ဦးနှင့် တစ်ဦး ထိတွေ့ဆက်ဆံမှုကို ရှောင်နိုင်သမျှ ရှောင်ကြဉ်ကြကာ စကားပြောဆို တွေ့ဆုံဆက်ဆံရမည် ဆိုလျှင်လည်း အနည်းဆုံး ခြောက်ပေ ခန့်အကွာမှ ခွာကာ နေကြရန် အစရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာကြရန် လိုပါသည်။

 

ပြည်သူများအနေဖြင့် ရောဂါပိုး ရှိနေသူများ ဖြစ်လာသူများကို ငြူစူအပြစ်တင်ရန်မဟုတ်ဘဲ ဉာဏ်ပညာနှင့်ယှဉ်သော မေတ္တာ တရားဖြင့် ဗိုင်းရပ်စ်ရောဂါအန္တရာယ်နှင့် ခြိမ်းခြောက်နေမှုကို ရင်ဆိုင်ကြခြင်းက အမှန်ဆုံးနည်းလမ်း ဖြစ်ပါသည်။

 

ယနေ့ရင်ဆိုင်နေရသော အခက်အခဲကို လူတစ်ဦးချင်း၏ အမူအကျင့် စိတ်နေစိတ်ထားမှအစပြုကာ ကမ္ဘာ့လူမှုအဖွဲ့အစည်း တစ်ရပ်လုံးနှင့် လက်တွဲရင်ဆိုင်ကြရမည် ဖြစ်ပါသည်။

 

ထို့အတူ သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို အလွယ်တကူ ယုံကြည်ခြင်းမဖြစ်ဘဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ကြေညာထားသော သတင်း၊ အချက်အလက်နှင့် ညွှန်ကြားချက်များကို ပြည်သူလူထုက တိတိကျကျ လိုက်နာကြခြင်းဖြင့် ဤကပ်၊ ရောဂါကို ကာကွယ်နိုင်မည် ရပ်တန့်သွားအောင် ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ပါသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က “ယခု ကပ်ရောဂါကို တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ယခု ဗိုင်းရပ်စ်ရောဂါကို ရပ်တန့်သွားသည့်အထိ ထိန်းကွပ်နိုင်ရေးမှာ ပြည်သူလူထုကသာ  ဆောင်ရွက်နိုင်မည်ဖြစ်သည်”ဟု ကမ္ဘာ့ပြည်သူအားလုံးကို နှိုးဆော် လိုက်ပါသည်။

 

ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ဤကမ္ဘာ့ကပ် ရောဂါဆိုးကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ရေးတွင် မြန်မာ ပြည်သူလူထု၏ အခန်းကဏ္ဍက ရှေ့တန်းမှာ ရှိနေသည်ကို အလေး အနက်ထားကြရန် လိုပါမည့်အကြောင်း။   ။

 

မြန်မာ့အလင်း