ညောင်ဦးမြို့နယ်မှ ပြောင်းဖူးစိုက်တောင်သူများ ပြောင်းဖူးလှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်းမှုနှင့်ကြုံတွေ့

ညောင်ဦး  ၉ ဩဂုတ်

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုရှိ ပြောင်းဖူးစိုက် တောင်သူများ ပြောင်းဖူးလှိုင်လှိုင် ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

အဆိုပါ လက်ပံခြေပေါ်အုပ်စုနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုသည် ညောင်ဦး - ပခုက္ကူ - မြင်းခြံသွား ကားလမ်းမကြီးဘေး ဝဲ/ယာ တွင်တည်ရှိကာ တောင်သူအများစုမှာ လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချလျက်ရှိကာ ယခုလ ပြောင်းဖူးလှိုင်လှိုင် ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှုနှင့် ကြုံတွေ့ရကြောင်း လက်ပံခြေပေါ် ကျေးရွာအုပ်စုမှ ဦးဝင်းတင်က ‌ပြောသည်။

 

အဆိုပါဒေသတွင် ပြောင်းဖူးကို တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြပြီး မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် တောင်သူများရှိသလို၊ မြေအောက်ရေတွင်းတူးကာ ရေစုပ်စက်ဖြင့်တင်၍ ရေသွင်းစိုက်ပျိုးသည့် တောင်သူများလည်း ရှိကြောင်း၊ သကြားပြောင်းဖူးနှင့် အစီး(စေး)ပြောင်းဖူးနှစ်မျိုးသာ အများဆုံးစိုက်ပျိုးပြီး ကြက်တမော့ပြောင်းဖူးလည်း စိုက်ပျိုးကြောင်း သိရသည်။

 

mdn

 

ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင် ရောင်းချသလို၊ မြင်းခြံ၊ ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်းတောင်း ပွဲစားများမှ လာရောက်ဝယ်ယူပြီး ပလင်းကမ်းသာယာ ဆင်စခန်းမှလည်း ဆင်စာအတွက် အမြဲဝယ်ယူနေကြောင်း၊ ရန်ကုန်၊ မန္တလေးပွဲစားများမှလည်း လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။

 

ယခုလအတွင်း ပြောင်းဖူးလှိုင်လှိုင်ပါ်ချိန် တစ်ဖူး ၉၀ ကျပ်ဖြင့် ရောင်းချနေရပြီး ဆယ်ဖူးဈေး (၉၀၀) ကျပ်ဖြင့် ရောင်းချနေရကာ ပြောင်းဖူးဈေး အနိမ့်ဆုံးသို့ ထိုးကျနေခြင်းကြောင့် စိုက်ပျိုးစရိတ်ပင် မရရှိတော့ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

 

ပြောင်းဖူးကို မိုးရာသီတွင် ပြောင်းဖူးစိုက်လျှင် ရက် (၉၀) ဖြင့် ပြောင်းဖူးရရှိကာ နွေရာသီစိုက်ပျိုးချိန်တွင် (၇၅) ရက်ဖြင့် ပြောင်းဖူးဆွတ်ခူးနိုင်ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း