ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက် သီလရင်စုရပ်ရှိ ရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး

ညောင်ဦး ဩဂုတ် ၁၀

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက် သီလရင် စုရပ်ရှိ ရေဘေးသင့်အိမ်ထောင်စုများအား အန္တရာယ်ကင်းဝေးစေရန် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ချက်ချင်းသွားရောက်ပြီး ဘေးလွတ်ရာသို့ ကူညီ ရွှေ့ပြောင်းပေးသည်။

 

ညောင်ဦးမြို့နယ်မီးသတ် ဦးစီးမှူးဦးဆောင်သော ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ညောင်ဦးမြို့ အမှတ်(၅)အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ ညောင်ဦးမြို့ အမှတ်(၅)ရပ်ကွက် သီလရင်စုရပ်ရှိ ရေဘေးသင့် အိမ်ထောင်စု သုံးစုအား အဆိုပါ ရပ်ကွက်ရှိ ရေဘေးလွတ်ရာ မြသိန်းတန်ဘုရား (ယာယီရေဘေးရှောင်စခန်း)သို့ စနစ်တကျ ကူညီ ရွှေ့ပြောင်းပေးသည်။

 

ညောင်ဦးမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်း ဘေးတစ်လျှောက် လူနေအိမ်အချို့နှင့် မြေနိမ့်ပိုင်းရပ်ကွက်အချို့တွင် မြစ်ရေများ စတင်ဝင်ရောက်လျက်ရှိရာ မြစ်ရေကြီးမှုနှင့် ပတ်သက်ပြီး ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ညောင်ဦးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မြစ်ရေကြီးမှုအခြေအနေအား အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)