နေပြည်တော် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/ ၆ နှင့် ၁၁/ ၇ ကြားနေရာ၌ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားကာ အိပဲ့ကျမှုဖြစ်ပွားခဲ့သည်။
ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာအား ဆည်မြောင်းတာအတွင်းဘက်ခြမ်း ပန်းတာတည်ဆောက်ခြင်း၊ ဆည်မြောင်းတာအတွင်းဘက်ခြမ်း Upstream Slope နှင့် Downstream Slope နေရာများ၌ သဲအိတ်စီ၍ တာခြေထောက်ခြင်း၊ မြစ်ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ခြင်း၊ ကမ်းပြိုကာကွယ်ရေးသုံး Geotextine ခင်းခြင်း၊ Steel Cable Groyne ဆောင်ရွက်ခြင်းနှင့် ရေလမ်းသောင်တူးလုပ်ငန်းများကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


