ပုသိမ် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာတွင် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီမြစ် ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားခဲ့ရာ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများ အသုံးပြုကာ သဲအိတ်ဆင့်၍ တာခြေထောက်ခြင်းလုပ်ငန်းနှင့် ယာယီပန်းတာ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပေးအပ်
ထိုသို့ ဆည်မြောင်းတာအိပဲ့ကျမှုကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး တာကိုယ်ထည်ထပ်မံ တိုက်စားပဲ့ကျမှု မဖြစ်ပွားစေရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ မထိခိုက်စေရေး အရေးပေါ် ကာကွယ်တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် မှာကြားကာ ကမ်းထိန်းလုပ်ငန်းဖြစ်သည့် ပန်းတာတည်ဆောက်ရာတွင် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ်နှင့်ကွမ်းခြံအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ မအူပင်မြို့ မြို့နယ်အတွင်း ရေစီးရေလာ ကောင်းမွန်ရေးနှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် ဘုရားလမ်း ပလက်ဖောင်းရေမြောင်း ပြုလုပ်ခြင်း၊ Box Culvert တည်ဆောက်ခြင်း၊ ပံတပွတ် လမ်းဘေးဝဲ / ယာရေစီးရေလာ ကောင်းမွန်ရေးအတွက် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှုနှင့် ရေလဲလမ်းဆုံရှိ မအူပင်မြို့၏ အဓိကရေထွက်ပေါက်များကို ကြည့်ရှုစစ်ဆေးပြီး ဓနုဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဓနုဖြူမြို့မဈေးအား ခေတ်မီဈေးသစ်အဖြစ် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
ယမန်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


