နည်းပညာလှိုင်းလုံးများကြားက AI ခေတ်၏ ခရီးသွားလုပ်ငန်း

စည်သူကျော်

ယနေ့အချိန်အခါ၌ ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်မြင့်မားလာသော လုပ်ငန်းကဏ္ဍ တစ်ခုအဖြစ် ပီပီပြင်ပြင်ပေါ်ထွန်းလာနေပြီဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

လူသားတို့သည် ရှေးယခင်ကာလကတည်းကပင် ကုန်သွယ်မှုနှင့် နယ်မြေသစ်ချဲ့ထွင်ရှာဖွေခြင်း တို့အတွက် ကုန်သွယ်ရေကြောင်းသွားလာခြင်း၊ ယာဉ်ရထားတို့ဖြင့် ဝေးကွာသော ခရီးရှည်များစွာကို လှည့်လည်သွားလာခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို နီးနီးကပ်ကပ်နားလည်သဘော ပေါက်စေနိုင်ခြင်း၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်နှင့် ဝင်ငွေအခွင့်အလမ်းများကို တိုက်ရိုက်သာမက သွယ်ဝိုက်၍သော်လည်းကောင်း၊ တစ်ဆင့်ခံအားဖြင့် သော်လည်းကောင်း ဖန်တီးပေးနိုင်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ဂေဟစနစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အထောက်အကူပြုခြင်းတို့သည် ခရီးသွား လုပ်ငန်းကို ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုဖြစ်စဉ်၏ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်စေလျက် ရှိပါသည်။

ကမ္ဘာတစ်ဝန်း ခရီးသွားအရေအတွက် ၁ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိ

ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက် စာရင်းဇယားများအရ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ တစ်ဝန်း ခရီးသွားအရေအတွက်သည် ၁ ဒသမ ၅ ဘီလီယံအထိရောက်ရှိလာခဲ့ပြီဖြစ်ကာ သယ်ယူ ပို့ဆောင်ရေး၊ အစားအစာနှင့်ထုတ်လုပ်မှုကဏ္ဍ၊ တည်းခိုနေထိုင်ရေးနှင့် ဖျော်ဖြေရေးအပါအဝင် အခြားသော ဆက်စပ်ကဏ္ဍများကိုပါ ကျွဲကူးရေပါဆိုသလို ဖွံ့ဖြိုးတိုးတက်လာစေခဲ့ပြီဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းကြောင့် အခြေခံအဆောက်အအုံများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေသကဲ့သို့ ကမ္ဘာတစ်ဝန်းရှိ လူသားများ၏ လူမှုဘဝ၊ ယဉ်ကျေးမှု၊ အသိပညာ၊ အမြင် နှင့်လူနေမှုပုံစံများကို ပြောင်းလဲတိုးတက်စေသည့် အရေးပါသောအင်အားတစ်ရပ်အဖြစ်လည်း ရှုမြင် လာကြပြီဖြစ်ပါသည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝများကို များစွာအထောက်အကူဖြစ်စေသောကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် မိမိတို့နိုင်ငံ၏ ခရီးသွား လုပ်ငန်း စနစ်တကျရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြပေသည်။

ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာလေ့လာကြည့်မည်ဆိုပါက အပန်းဖြေ အနားယူခြင်းသက်သက်သာမက လူသားတို့၏ စူးစမ်းရှာဖွေလေ့လာလိုမှု၊ ကြိုးပမ်းစွန့်စားလိုမှု၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားသောလိုအင်ဆန္ဒများအပေါ် မူတည်ကာ ခရီးသွားလုပ်ငန်းအမျိုးအစားများသည် အမျိုးမျိုး အဖုံဖုံကွဲပြားခြားနားလာသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။

ထို့အပြင် ပြောင်းလဲဖြစ်ပေါ်လာသည့် ဗဟုသဘောဆောင်သော အတွေးအမြင်အယူအဆများကြောင့် ခရီးသွားလုပ်ငန်း အမျိုးအစားအချင်းချင်း ပတ်သက်ဆက်နွှယ်လာမှုတို့လည်း ဖြစ်ပေါ်လာရာ ခရီးသွားလုပ်ငန်းအမျိုးအစားများသည် ဗဟိုချက်ကင်းမဲ့၍ အလုံးစုံသော ပါဝင်ပတ်သက်မှု၊ ဖြစ်ပေါ် တိုးတက်မှုတို့ဖြင့် မြန်ဆန်စွာ ရွေ့လျားစီးဆင်းနေ လျက်ရှိနေလေပြီ။

Word of Mouth ဆိုသော စကားရပ်

ခရီးသွားလုပ်ငန်းနယ်ပယ်တွင် Word of Mouth ဆိုသော စကားရပ်သည် လွန်စွာမှ ခေတ်စားခဲ့သည်။ ယခင်က ခရီးသွားတစ်ယောက်သည် နေရာဒေသတစ်ခုသို့ သွားရောက်လည်ပတ်ပြီးသောအခါ၌ ၎င်းတို့၏ မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုးမိတ်သင်္ဂဟ၊ ဆရာသမား တပည့်တပန်းများသို့ “ထိုခရီးစဉ်ဒေသသည် မည်မျှလှပကြောင်း၊ မည်သို့သောအကြောင်း အားဖြင့် စိတ်ဝင်စားဖွယ်ရာဖြစ်ကြောင်း၊ တစ်ခါတစ်ခေါက်တော့ဖြင့် သွားရောက်လည်ပတ်လေ့လာ သင့်ကြောင်း” ကို ပြန်လည်ပြောပြလေ့ရှိကြသည်။ ယင်းသို့အားဖြင့် နေရာဒေသတစ်ခုသည် သွားလာ လည်ပတ်စရာ၊ လေ့လာကြည့်ရှုစရာ ခရီးစဉ်ဒေသ တစ်ခုအဖြစ် နှုတ်ဖြင့်ညွှန်းဆိုမှု Word of Mouth အားဖြင့် ထင်ရှားပေါ်ပေါက်လာရတတ်ပေသည်။

ယနေ့ခေတ်အခါတွင်မူ Word of Mouth ဟူသော ပြောပြခြင်းသက်သက်သဘောထက် လူသားတို့၏ ခရီးသွားလိုစိတ်ကို လှုံ့ဆော်သောအရာဝတ္ထုများသည် လူတိုင်းကိုယ်စီလက်ဝယ်တွင် ရောက်ရှိနေပြီ ဟုဆိုရပေမည်။ လူတစ်ယောက်ကို စမတ်ဖုန်းတစ်လုံး ရောင်းချလိုက်ခြင်းသည် သာမန်ဖုန်း တစ်လုံးရောင်းချလိုက်ခြင်း သက်သက်သာမဟုတ်၊ ၎င်း၏ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများကို ပိုမို လွယ်ကူစေရန်၊ စိတ်ဝင်စားသော ဘာသာရပ် အကြောင်းအရာတစ်ခုခုကို ဆည်းပူးလေ့လာရန်၊ စိတ်အပန်းဖြေမှုတစ်ခုခုအတွက် အသုံးချရန် ကြားခံပစ္စည်းတစ်ခု၊ နည်းပညာရပ်တစ်ခုကို ရောင်းချပေး လိုက်ခြင်းဖြစ်သည်။

ထိုထိုသော နည်းပညာရပ်ဝန်းအတွင်း ချင်းနင်း ဝင်ရောက်လာသည်များတွင် ခရီးသွားလုပ်ငန်းကဏ္ဍ သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အပြန်အလှန် အားဖြင့်လည်း ခရီးသွားလုပ်ငန်းကဏ္ဍအတွင်းသို့ နည်းပညာရပ်များ ထိုးဖောက်ဝင်ရောက်လာသည် ဟုလည်း ဆိုနိုင်ပါသည်။ ခရီးသွားတစ်ယောက်သည် နည်းပညာသုံးပစ္စည်းတစ်ခုကိုအသုံးပြု၍ ၎င်း၏ ခရီးသွားအတွေ့အကြုံကို ဓာတ်ပုံ၊ ဗီဒီယိုတို့ဖြင့် လူမှုကွန်ရက် (ဆိုရှယ်မီဒီယာ) တစ်ခုခုတွင် မျှဝေ လိုက်ပါက စက္ကန့်ပိုင်းအတွင်းမှာပင် လူထောင်ပေါင်း များစွာထံရောက်ရှိသွားနိုင်ပေသည်။

 ယင်းအချက်သည် Word of Mouth ဟူသော ပြောပြခြင်းသက်သက်သဘောထက် ပြသခြင်းကို ပိုထည့်သွင်းဖော်ပြနိုင်သဖြင့် ခရီးသွားအတွေ့အကြုံ ကိုယ်တိုင်လက်တွေ့ခံစားလိုစိတ်ကို လှုံ့ဆော်၍ ခရီးသွားလာမှု ပိုမိုလုပ်ဆောင်လာစေနိုင်ပါ သည်။ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် Word of Mouth ဟူသော ပြောပြခြင်းသဘောသဘာဝကို သက်ဝင်ယုံကြည်သူများ ဒုနှင့်ဒေးရှိနေသေးသလို ယနေ့အချိန်အထိလည်း ခရီးသွားလုပ်ငန်းအတွက် အသုံးဝင်သောသဘောရှိနေပေသည်။

Word of Mouth သည် ပုဂ္ဂလဆန်သောသဘောသက်ဝင်

သို့သော် နည်းပညာကို အခြေပြု၍ ခရီးသွားလာ သောပုံစံသို့ ချဉ်းကပ်မှုများကို သိသာထင်ရှားစွာ တွေ့မြင်လာရသည်။ အဘယ်ကြောင့်ဆိုသော် Word of Mouth သည် ပုဂ္ဂလဆန်သော သဘောသက်ဝင်ပြီး တစ်သီးပုဂ္ဂလအမြင်ကို ရှေ့တန်းတင်ဖွဲ့နွဲ့ပြောဆို မှုကို အခြေခံခြင်းကြောင့်ဖြစ်ပါသည်။ ခရီးစဉ်ဒေသတစ်ခုကို သွားရောက်ခဲ့သူတစ်ဦးက ပြန်လည် ပြောဆိုရာ၌ ၎င်း၏ အမြင်၊ ထင်မြင်ယူဆချက်အပေါ် အခြေခံ၍ ပြောဆိုခြင်းဖြစ်(တတ်)ပြီး ၎င်းကို နားထောင်၍ ထိုခရီးစဉ်ကိုပင် အခြားသူတစ်ဦးက သွားရောက်လည်ပတ်ပါက ခြားနားသောအမြင်တစ်ခုရှိနေတတ်ခြင်းပင်ဖြစ်သည်။

လူတစ်ဦး၏ ခရီးစဉ်ဒေသတစ်ခုအပေါ်အမြင်သည် စိတ်ကြည်နူးဖွယ်၊ သာယာချမ်းမြေ့ဖွယ် ဖြစ်ကောင်းဖြစ်မည်ဖြစ်သော်လည်း အခြားသူ တစ်ဦးအတွက်မူ ပျင်းရိငြီးငွေ့ဖွယ်၊ စိတ်ပင်ပန်း မလန်းဆန်းဖွယ် ဖြစ်ကောင်းဖြစ်နေမည်ဖြစ်သည်။ ထို့အပြင် ၎င်းခရီးစဉ်ဒေသအပေါ် အမြင်သည် ထိုပုဂ္ဂိုလ်တစ်ဦးတည်း၏ အမြင်သက်သက်သာဖြစ်နေပေမည်။ လူမှုကွန်ရက်ပေါ်မှ ခရီးသွားပို့စ်များကို ကြည့်မည်ဆိုပါက အမြင်အားဖြင့် ဆုံးဖြတ်နိုင်သကဲ့သို့ အခြားအခြားသောသူများ၏ ထင်မြင်ယူဆချက်များကိုပါဖတ်ရှု၍ ဆင်ခြင်ဆုံးဖြတ်နိုင်မည်ဖြစ်ပါ သည်။

ယင်းအချက်သည် ခရီးစဉ်ဒေသ၏ ပုံရိပ်နှင့် အရည်အသွေးကို အပြုသဘောဆောင်သော သက်ရောက်မှုများကို ဖြစ်ပေါ်စေပါသည်။ အင်စတာဂရမ်၊ တစ်တော့၊ ဖေ့စ်ဘွတ်၊ ယူကျု စသော ဆိုရှယ် မီဒီယာပလက်ဖောင်းများကြောင့် ခရီးစဉ်ဒေသ တစ်ခုကို “ပြောပြခြင်း” ထက် “ပြသခြင်း” က ပိုမိုဩဇာလွှမ်းမိုးလာပါသည်။ ဉာဏ်ရည်တုနည်းပညာ၏ အခန်းကဏ္ဍက ပို၍ပင်စိတ်ဝင်စားဖို့ကောင်းလှသည်။ AI က လူ၏ ရှာဖွေစူးစမ်းမှုအပေါ်မူတည်၍ မည်သည့်ခရီးစဉ်ဒေသကို ပိုမိုပြသပေးရမည်၊ ၎င်း ခရီးစဉ်ဒေသနှင့်သက်ဆိုင်သည့် အကြံပြုချက်များ ပေးမည်ကို လုပ်ဆောင်ပေးခြင်းအားဖြင့် ခရီးသွားမှု/ခရီးသွားလာရန် ကြိုတင်ပြင်ဆင်မှုကို ပိုမို လွယ်ကူစေပါသည်။

ဒီဂျစ်တယ်နည်းပညာက ခရီးသွားလုပ်ငန်းကို ပုံဖော်

ထို့ကြောင့် နည်းပညာအပေါ်အခြေခံ၍ ခရီးသွားလုပ်ငန်းလွှမ်းမိုးမှုပုံသဏ္ဌာန် ပြောင်းလဲလာသည်ဟု ဆိုရမည်ဖြစ်သည်။ ခရီးသွားလုပ်ငန်းပညာ ရပ်ဆိုင်ရာနယ်ပယ်အတွင်း ခရီးသွားလုပ်ငန်း လွှမ်းမိုးမှုပုံသဏ္ဌာန်ကို ဆက်လက်ဆွေးနွေးလာ ကြသည်မှာ “From Word-of-Mouth to Visual and Social-Media Influence” ပင်ဖြစ်သည်။ ယင်းကိုပင် ဒီဂျစ်တယ်နည်းပညာက ခရီးသွား လုပ်ငန်းကို ပုံဖော်သည်ဟု ဆိုခြင်းဖြစ်ပါသည်။

အထက်ဖော်ပြပါရေးသားတင်ပြချက်သည် ခရီးသွားလုပ်ငန်းကို စနစ်တစ်ခုသဖွယ် ရှုမြင်မှုပုံစံ (Tourism as a System Model; Neil Leiper 1979) အရ ခရီးသွားစတင်ရာအတွင်း နည်းပညာ၏ အထောက်အပံ့ပေးမှုကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး Tourism System အတွင်းပါဝင်သော ကြားခံ ကူးပြောင်းရာနေရာနှင့် ခရီးသွားရောက်ရှိရာ ခရီးလမ်းဆုံးတို့တွင်လည်း ဒီဂျစ်တယ်နည်းပညာ နှင့် AI တို့က အပြောင်းအလဲကြီးကြီးမားမားကို ဖော်ဆောင်လျက်ရှိနေပေပြီ။ ၂၁ ရာစု၏ ခရီးသွား လုပ်ငန်းသည် “နေရာတစ်နေရာမှ တစ်နေရာသို့ သွားရောက်လည်ပတ်ခြင်း” ဆိုသည့် ရိုးရှင်းသော အဓိပ္ပာယ်ထက် များစွာကျော်လွန်လာပြီဖြစ်သည်။ ယနေ့ခေတ်တွင် ခရီးသွားတစ်ဦး၏ ခရီးစဉ်သည် မိမိအိမ်မှမထွက်ခွာမီကတည်းက Digital နည်းပညာများဖြင့် စတင်နေပြီဖြစ်သည်။

 ခရီးသွားမည့်နေရာကို Search Engine ဖြင့် ရှာဖွေခြင်း၊ ဆိုရှယ်မီဒီယာမှ အခြားခရီးသွားများ၏ အတွေ့အကြုံများကို ကြည့်ရှုခြင်း၊ အွန်လိုင်းမှ လေယာဉ်နှင့် ဟိုတယ်ကြိုတင်မှာယူခြင်း၊ Digital Payment ဖြင့် ငွေပေးချေခြင်း၊ Mobile Map ဖြင့် လမ်းညွှန်ရှာဖွေခြင်း၊ AI Chatbot ဖြင့် ခရီးစဉ် ရေးဆွဲခြင်းတို့သည် ယနေ့ခေတ်ခရီးသွား အတွေ့ အကြုံ၏ အစိတ်အပိုင်းများဖြစ်လာသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် Digital Transformation သည် ခရီးသွားလုပ်ငန်း၏ လည်ပတ်ပုံကို ပြောင်းလဲနေပြီး AI သည် ခရီးသွားလုပ်ငန်း၏ အနာဂတ်ကို ပုံဖော်ဒီဇိုင်းဆွဲနေသော နည်းပညာတစ်ရပ် ဖြစ်လာသည်ဟု ဆိုနိုင်ပေသည်။

နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့သည် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ ဖြစ်ပါသည်။ ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ရောက်တိုင်း အဖွဲ့ဝင်ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် ခရီးသွားလုပ်ငန်းနေ့ အထိမ်း အမှတ်အခမ်းအနားများကို ကျင်းပပြုလုပ်ကြသည်။ ကျင်းပသည်ဆိုရာ၌လည်း ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့ UN Tourism က ထိုနှစ်အတွက် ချမှတ်သော ဆောင်ပုဒ်အကြောင်းအရာအပေါ် အခြေခံ၍ ကျင်းပကြခြင်းဖြစ်သည်။

ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့က နှစ်စဉ်ကမ္ဘာပေါ်၌ လတ်တလောဖြစ်ပေါ်လျက်ရှိသော အားလုံးက အလေးထား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည့်အကြောင်းအရာ Global Agenda များကို အခြေခံ၍ သက်ဆိုင်ရာနှစ်အတွက် ဆောင်ပုဒ်ကို ဖော်ထုတ်ချမှတ်ခြင်းဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ်သည် “Digital Agenda and Artificial Intelligence to Redesign Tourism” ဖြစ်ပါသည်။

ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ မြန်မာဘာသာပြန်ဆောင်ပုဒ်မှာ “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့် ဉာဏ်ရည် တုနည်းပညာသုံးကြစို့” ဖြစ်ပါသည်။ သို့သော် ယခု နှစ်ဆောင်ပုဒ်သည် ယခင်နှစ်များနှင့်မတူ ကွဲပြား ခြားနားလှသည်။ အဘယ်ကြောင့်ပါနည်း။ UN Tourism ၏ ယခုနှစ်ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ Concept Note မှာပင် ဖော်ပြ ရှင်းလင်းထားပါသည်။

ယခင်နှစ် ဆောင်ပုဒ်များသည် ခရီးသွားလုပ်ငန်း စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဝိုင်းဝန်းကြိုးပမ်းရမည့် အကြောင်းအရာ များကို တွန်းအားပေးချမှတ်ဖော်ဆောင်ခြင်းဖြစ်ပါ သည်။ သို့ရာတွင် ယခုနှစ်ဆောင်ပုဒ်၌ အလေးပေး ဖော်ပြထားသည့် ဒီဂျစ်တယ်နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာတို့သည် ခရီးသွားလုပ်ငန်း နယ်ပယ်တွင်သာမက လုပ်ငန်းကဏ္ဍအသီးသီးနှင့် လူသားတို့၏ နေ့စဉ်ဘဝများတွင် ပိုင်ပိုင်နိုင်နိုင်နေရာ ယူထားပြီးဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ်ဆောင်ပုဒ်သည် ခရီးသွားလုပ်ငန်းက အလေးထားလိုက်နာကျင့်သုံးရမည့် ကိစ္စမဟုတ်တော့ပေ၊ ခရီးသွားလုပ်ငန်းကမဖြစ်မနေ အဖြေထုတ်ပေးရမည့်ကိစ္စတစ်ရပ်ပင် ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းသည် လူလူချင်း၊ လူကလူကို ဝန်ဆောင်မှုပေးသောလုပ်ငန်းဟု နားလည်လက်ခံ ရုံနှင့် မလုံလောက်တော့ပေ။ Human + Technology + Data ပေါင်းစပ်၍ ဝန်ဆောင်မှုပေးသောပုံစံသို့ ရွေ့လျားသွားနှင့်ပြီဖြစ်ပါသည်။ ဝန်ဆောင်မှုသာမက ဈေးကွက်ရှာဖွေခြင်း၊ ခရီးသွားမြှင့်တင်ခြင်း အပိုင်းများတွင်လည်း ဒီဂျစ်တယ်နည်းပညာကို အသုံးချ၍ လုပ်ဆောင်နေကြပြီဖြစ်ပါသည်။ ဒီဂျစ်တယ်နှင့် AI သည် ခရီးသွားလုပ်ငန်းကဏ္ဍ၏ အနာဂတ်တစ်ခုတည်းမဟုတ်တော့ဘဲ လက်ရှိ ခရီးသွားလုပ်ငန်းကဏ္ဍကိုပင် ပြန်လည်ပုံဖော်နေသော အင်အားစုများ ဖြစ်လာပြီဖြစ်သည်။

သို့သော် ခရီးသွားလုပ်ငန်းသည် နည်းပညာသက်သက်ဖြင့် ရှင်သန်နိုင်သောလုပ်ငန်းမဟုတ်ပေ။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်အလှတရားတို့ကို ဒီဂျစ်တယ်၊ AI နည်းပညာဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း မျက်နှာစာဝယ် ဝင့်ထည်စေနိုင်ပါသည်၊ သို့သော် ထိုအစဉ်အလာကြီးမားသော ယဉ်ကျေးမှုနှင့် သဘာဝအလှအပတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်မှာ နိုင်ငံသူ နိုင်ငံသားများ၏ တာဝန်သာဖြစ်ပါ သည်။

ထို့ကြောင့် အနာဂတ်ခရီးသွားလုပ်ငန်း၏ ရည်မှန်းချက်မှာ နည်းပညာသည် လူသားကို အစားထိုးရန်မဟုတ်ဘဲ နည်းပညာအားဖြင့် လူသား စွမ်းပကားကို မြှင့်တင်ရန်သာ ဖြစ်သင့်ပေသည်။ အောင်မြင်သော ခရီးစဉ်ဒေသတစ်ခုသည် ခရီးသွားဝင်ရောက်မှုများပြားသော နေရာတစ်ခုသာမဟုတ်။ နည်းပညာကို ကောင်းစွာနားလည်၍ တာဝန်ယူစွာ အသုံးချနိုင်သော၊ တစ်ချိန်တည်းမှာပင် လူသားဆန်မှု၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် ဧည့်ဝတ်ကျေပွန်မှုတို့ကို မပျောက်ဆုံးစေသော ခရီးစဉ်ဒေသတစ်ခုသာဖြစ်ပါကြောင်း။ ။