နမ့်စန်မြို့နယ် မတ်ကျန်းဒေသ လာဘသိဒ္ဓိစေတီတော်ကြီးနှင့် ကမ္ဘာ့အကြီးဆုံးနှီးဘုရားကြီးသို့ အလည်တစ်ခေါက်

နမ့်စန်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၁၆၆ ပေတွင် တည်ရှိပြီး စိုက်ပျိုးမြေ ဧရိယာကျယ်ပြန့်သော လွင်ပြင်ဒေသဖြစ်ရာ စပါး၊ ပြောင်း၊ ပဲ၊ နာနတ်၊ ချင်း စသည့် စိုက်ပျိုး သီးနှံများစွာ ဖြစ်ထွန်းအောင်မြင်သော ဒေသ ဖြစ်သည်။ ထို့အပြင် စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းပေါများပြီး မြို့ကြီးတစ်မြို့နှင့်မခြား ဖွံ့ဖြိုးတိုးတက် စည်ပင်သာယာဝပြောသော ဒေသလည်းဖြစ်သည်။

နမ့်စန်မြို့နယ်တွင် ယင်းကြား၊ ယင်းနက်၊ ရှမ်း၊ ပအိုဝ်း၊ ပလောင်နှင့် လားဟူ အစရှိသည့် တိုင်းရင်းသားကျေးရွာပေါင်း ၁၅၈ ရွာခန့်ရှိ သည်။ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြ ကြောင်း သိရသည်။ ထိုတိုင်းရင်းသားကျေးရွာ များမှ ပန်လင်းဆိုင်ဒေသ(မတ်ကျန်းဒေသ)သည် တစ်ချိန်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ နိုင်ငံတော်နှင့် ၂၀ဝ၂ ခုနှစ်တွင် လက်နက်နှင့် ငြိမ်းချမ်းရေးလှဲလှယ်ပြီး နမ့်စန် မြို့နယ်အနီး (ယခု ပန်လင်းဆိုင်ဒေသ)တွင် အခြေချနေထိုင်ကာ မိမိတို့၏ ဒေသဖွံ့ဖြိုးရေးအတွက် အမျိုးဘာသာသာသနာ၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းများကို မနားမနေ ကြိုးစားအကောင် အထည်ဖော်ဆောင်ရွက်လာခဲ့ရာ ဆယ်စုနှစ် တစ်ခုကျော်အတွင်း ဖွံ့ဖြိုးတိုးတက် စည်ကား လျက်ရှိနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင် လာရသည်။

ပန်လင်းဆိုင်ဒေသ (မတ်ကျန်းဌာနေ) သည် နမ့်စန်မြို့၏ အနောက်တောင်ဘက် မြို့အထွက်မှ ရှစ်မိုင်ခန့်အကွာတွင် တည်ရှိ သည်။ တစ်နည်းအားဖြင့် နမ့်စန်-မိုင်စိတ်ကားလမ်းမကြီးပေါ်တွင်တည်ရှိသည်။ ပန်လင်းဆိုင်ဒေသသည် ယခင်ကကျေးရွာငယ်လေးတစ်ရွာသာဖြစ်ခဲ့ရာ ကားလမ်းသည်လည်း ကျောက် ချောလမ်းအဆင့်သာရှိခဲ့ပြီး ယနေ့အခြေအနေ တွင် ကတ္တရာလမ်းမကြီးမှာ ဖြောင့်ဖြူးကာ မြို့တစ်မြို့နှင့်မခြား စနစ်တကျ အကွက်ရိုက် ထားပြီး တိုက်တာကြီးငယ်အဆောက်အဦများ ဖြင့် သန့်ရှင်းသပ်ရပ် စည်ကားလျက်ရှိနေပေ သည်။ ထို့အပြင် ကျောင်း၊ လမ်း၊ ဈေး စသည် တို့သည်လည်း နေချင်စဖွယ် မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်ထားသည်ကို တွေ့ရှိရမည်ဖြစ် သည်။ ဤသို့သော အခြေအနေများသည် ငြိမ်းချမ်းရေး၏ အသီးအပွင့်များပင်ဖြစ်သည်။

ပန်လင်းဆိုင်ဒေသ (မတ်ကျန်းဌာနေ) အတွင်း တည်ထားကိုးကွယ်တော်မူသည့် လာဘသိဒ္ဓိစေတီတော်ကြီးသည် ထူးခြား အံ့ဖွယ်ကောင်းသည့် လက်မှုပညာရပ်များဖြင့် တည်ထားကိုးကွယ်ထားသည်ကို တွေ့ရှိရမည် ဖြစ်ရာ ဘုရားကြီး၏ ရင်ပြင်တော် ပတ်ပတ် လည်တွင် အင်မတန်မှ လက်ရာမြောက်သည့် သက်ဝင်လှုပ်ရှား နဂါးပန်းပုရုပ်လုံးရုပ်ကြွများဖြင့် စီမံထုလုပ်ထားသည်။ ယင်းအပြင် ဘုရားကြီး အနီး ပတ်ဝန်းကျင်တွင် သာသနိကအဆောက် အဦများ၊ ဓမ္မာရုံများမှာ ဧရာမအဆောက်အဦ အဖြစ် တည်ဆောက်ထားမှုသည်လည်း အံ့မခန်း ထူးခြားဆန်းပြားစွာ မြင်တွေ့ရမည်ဖြစ်သည်။ ဓမ္မာရုံကြီးအတွင်းတွင် ပန်လင်းဆိုင်ဒေသ ဖြစ်ပေါ်လာပုံ၊ ငြိမ်းချမ်းရေးရယူပြီး ဒေသဖွံ့ဖြိုး ရေး ဆောက်ရွက်ခဲ့မှု၊ လက်ရှိ လာဘသိဒ္ဓိစေတီ တော်ကြီး တည်ထားကိုးကွယ်မှု စသည့် ၂၀ဝ၂ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မှတ်တမ်း မှတ်ရာများကို ပြခန်းအဖြစ် ခင်းကျင်းပြသထား သည်ကိုလည်း တွေ့ရှိခဲ့ရသည်။ အလားတူ လာဘသိဒ္ဓိစေတီတော်ကြီးနှင့် မလှမ်းမကမ်းတွင် ကမ္ဘာ့အကြီးဆုံး ဇိနရဋ္ဌတေဇမုနိနှီးဘုရားကြီးတစ်ဆူကိုလည်း ထပ်မံတည်ထားကိုးကွယ် ထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ကမ္ဘာ့အကြီးဆုံးဟု ဆိုရာတွင် ဇိနရဋ္ဌတေဇမုနိ နှီးဘုရားကြီးကို ဉာဏ်တော်အမြင့် ၄၃ ပေ ၃ လက်မ၊ တင်ပလ္လင်ခွေအကျယ် ၃၆ ပေ၊ ပလ္လင်တော်အမြင့် ငါးပေရှိသည့် သံမပါ နှီးများ ဖြင့် ၁၃၈၀ ပြည့်နှစ် တပေါင်းလပြည့်နေ့(၂၀-၃- ၂၀၁၉) ဗုဒ္ဓဟူးနေ့တွင် စတင်ရက်လုပ်ခဲ့ပြီး ၁၃၈၀ ပြည့်နှစ် ဝါဆိုလဆန်း ၁ ရက်နေ့တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ လက်ရှိအခြေအနေတွင် အထူးသဖြင့် သီတင်းကျွတ်ကာလအတွင်းနှင့် သီတင်းကျွတ်ကာလအပြီးတွင် နေ့စဉ် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သိရသည်။

ဤသည်ကို လေ့လာကြည့်ခြင်းအားဖြင့် ဘာသာရေးလက်မနှေးကြဘဲ သာသနာ ရောင်ဝါ နေသို့လင်းလက်နေသည်ကို အထူး ပြောစရာမလိုအောင် စေတနာသဒ္ဓါတရား ထက်သန်လျက်ရှိသည်။ လူမှုကွန်ရက် စာမျက်နှာတစ်ခုတွင် မြန်မာတို့၏ အလှူအတန်း ရက်ရောသည့်နေရာတွင် ကမ္ဘာပေါ်၌ ထိပ်ဆုံးအဆင့်တွင် ငါးနှစ်ဆက်တိုက် ရပ်တည်လျက်ရှိကြောင်း လေ့လာမှတ်သားခဲ့ရသည်။

နမ့်စန်မြို့နယ် ပန်လင်းဆိုင်ဒေသ (မတ်ကျန်းဌာနေ)၏ ငြိမ်းချမ်းရေးအသီးအပွင့် များဖြစ်သည့် ဘာသာရေး၊ သာသနာရေး၊ လူမှု ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးများကို ဒေသန္တရဖွံ့ဖြိုးရေး ဗဟုသုတများရရှိစေရန် အလည်တစ်ခေါက် သွားရောက်လည်ပတ်ရင်း လက်ရာမြောက်လှသည့် လာဘသိဒ္ဓိစေတီတော်ကြီးနှင့် ကမ္ဘာ့အကြီးဆုံးနှီးဘုရားကြီးဖြစ်သည့် ဇိနရဋ္ဌတေဇမုနိနှီးဘုရားကြီးကို ဖူးမြော်ကြည်ညို သဒ္ဓါပွားများနိုင်ရန် ရေးသားလိုက်ရပေသည်။