နိုဝင်ဘာတွင် ကစားမည့်ပွဲများမှာ အရေးပါနေပြီး ရလဒ်ကောင်းရယူနိုင်မှသာ မြန်မာ့လက်ရွေးစင်အသင်း ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရမည်

နေပြည်တော် ၁၄ အောက်တိုဘာ 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာလဆန်းတွင် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရလဒ်မကောင်းသေးဘဲ အုပ်စုသုံးပွဲတွင် သုံးပွဲစလုံး ရှုံးနိမ့်ထားသည့် မြန်မာ့လက်ရွေးစင် အသင်းသည် နိုင်ပွဲမရ၊ သွင်းဂိုး မရှိသေးသည့်ဘဲ နိုဝင်ဘာတွင် ကစားမည့်ပွဲများမှာ အရေးပါနေပြီး ရလဒ်ကောင်းရယူနိုင်မှသာ ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် အခြေအနေကောင်းမည် ဖြစ်သည်။

အုပ်စုသုံးပွဲစလုံးတွင် အိမ်ကွင်းတစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားထားပြီး မွန်ဂိုလီးယားအသင်းနှင့် အဝေးကွင်းပွဲတွင် တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်အသင်းနှင့် အိမ်ကွင်းပွဲတွင် နှစ်ဂိုး-ဂိုးမရှိ၊ ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်းပွဲတွင် ခုနစ်ဂိုး-ဂိုးမရှိတို့ဖြင့် ရှုံးနိမ့်ထားသည်။ 

ပထမအကျော့တွင် သုံးပွဲဆက်ရှုံးထားသည့် မြန်မာအသင်းအနေဖြင့် ပထမအကျော့ နောက်ဆုံးပွဲဖြစ်သည့် တာဂျစ်ကစ္စတန် နှင့်ပွဲတွင် ရလဒ်ကောင်းရန် လိုနေသလို မွန်ဂိုလီးယားနှင့် ပွဲတွင်မူ ဂိုးပြတ်အနိုင်ရရန် လိုအပ်နေသည်။ ပထမအကျော့ အဝေးကွင်းပွဲတွင် အရေးနိမ့်ထားသောကြောင့် ဒုတိယအကျော့ အိမ်ကွင်းပွဲတွင် နှစ်ဂိုးနှင့်အထက် အနိုင်ရမှသာ မွန်ဂိုလီးယား၏ အထက်တွင် ရပ်တည်နိုင်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာတွင် ကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စုနှစ်ပွဲကို အိမ်ကွင်းကစားရမည် ဖြစ်သောကြောင့် ယင်းပွဲများကို လက်ခံကျင်းပမည့် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ နိုင်ငံတကာ ခြေစမ်းပွဲကစားရန် စီစဉ်နေခြင်း ဖြစ်သည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲများအတွက် ကြိုတင်ပြင်ဆင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲ ကစားရန် စီစဉ်ထားခြင်း ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာတွင် ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အချိန်ယူ ပြင်ဆင်မည်ဖြစ်ပြီး ယခုလအတွင်း စတင်လေ့ကျင့်မည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်