နေပြည်တော် အောက်တိုဘာ ၁၆
အလယ်အလတ်အဆင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၅) ၏ သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၇၂ ဦး၊ သင်တန်းသူ ၇၁ ဦး စုစုပေါင်း ၁၄၃ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ရက်သတ္တပတ် ၂၀ ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းက တိုးတက်ပြောင်းလဲနေသည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာအသစ် များကို ခေတ်နှင့်အမီ လိုက်နိုင်အောင် လေ့လာပြီး ဘက်စုံစဉ်းစား တွေးခေါ်မြော်မြင်ကာ ထိုးထွင်းတီထွင်ကြံဆ လုပ်ဆောင်ကြရန်၊ မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှု၊ အခက်အခဲများနှင့်လိုအပ်ချက် များကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး ဦးဆောင် ဖြေရှင်းကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လက်အောက်ဝန်ထမ်းများအပေါ် ညီညွတ်မျှတသည့် အမိန့်နှင့် တာဝန်များကိုပေးအပ်ပြီး တိကျမှန်ကန်စွာ စီမံခန့်ခွဲကာ ဌာနအဖွဲ့အစည်းတိုးတက်ရေးကို ရှေးရှုလုပ်ဆောင် ကြရန်၊ ရုံးလုပ်ငန်းများ စနစ်ကျနပြီး တစ်ပြေးညီဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ သင်တန်း ထူးချွန်ဆုများနှင့် သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်သည်။
သင်တန်းဆင်းပွဲ အပြီးတွင် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၀၈)၏ စစ်ရေးပြ (လက်နက်မဲ့) သင်ခန်းစာလေ့ကျင့်နေမှုနှင့် အရာထမ်းလောင်း(အထူး) သင်တန်းအမှတ်စဉ် (၁၇)၏ ကိုယ်စီ စစ်မြေပြင် ကျွမ်းကျင်မှု သင်ခန်းစာလေ့ကျင့်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပင်မရုံးအစည်းအဝေးခန်းမ၌ တာဝန်ရှိသူ များနှင့် တွေ့ဆုံကာ လေ့ကျင့် သင်ကြားရေးနှင့် အုပ်ချုပ်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ရတနာခန်းမ၌ အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၀၈) သင်တန်းသား သင်တန်းသူ များကို တွေ့ဆုံအမှာ စကားပြောကြားပြီး သင်တန်းအိပ်ဆောင်များနှင့် အဆောင်အလိုက် ရာသီသီးနှံများ၊ ကော်ဖီပင် များနှင့် အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့နံနက်ပိုင်းကလည်း အလယ်အလတ်အဆင့်အရာထမ်း သင်တန်းအမှတ်စဉ်(၁၅)၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို အဆိုပါတက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ရာ သင်တန်းဆင်း သင်တန်းသား သင်တန်းသူများကို ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့ရေးရာစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာဘွဲ့များပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


