နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက် ကျန်းမာပျော်ရွှင်စွာ အသက်ရှည်ရှည်နေထိုင်နိုင်ရေး ကျန်းမာရေးစောင့်ရှောက်မှုပေး


ပြည် ဩဂုတ် ၂၂

 

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူပြီးနောက် ကျန်းမာပျော်ရွှင်စွာ အသက်ရှည်ရှည် နေထိုင်နိုင်ရေး ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်ရှိ ပြည်သူ့ဆေးရုံများ၌ လစဉ်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါးတစ်လစာ ထောက်ပံ့ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၄၅) ကြိမ်မြောက် လစဉ်အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်ကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ ခုတင် (၅၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး ခြောက်ထပ်ဆေးကုသဆောင်သစ်၌ ဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကြည့်ရှုအားပေးသည်။

 

ကြည့်ရှုအားပေး

 

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများကို ကဏ္ဍအလိုက် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း ဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ကြက်ဥ၊ ဆီနှင့် တိုင်းရင်းဆေးများ ပေးဝေကုသိုလ်ပြုကာ လစဉ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သောဆေးဝါးများ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)