ရန်ကုန် စက်တင်ဘာ ၈
နိုင်ငံတကာဖိတ်ခေါ် International Futsal Cup 2026 ပြိုင်ပွဲ အုပ်စုနောက်ဆုံးနေ့ကို စက်တင်ဘာ ၈ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ မြန်မာကလပ်များဖြစ်သည့် MIU၊ YRG ၊ YCDC Dream Team အသင်း၊ အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။
အုပ်စုနောက်ဆုံးနေ့ အုပ်စု (A) တွင် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းက မြန်မာကလပ် YCDC Dream Team အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ မြန်မာကလပ် TG United အသင်းက ကမ္ဘောဒီးယားကလပ် Lucky အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အုပ်စု (B) တွင် မြန်မာကလပ် YRG အသင်းက ထိုင်းကလပ် Black Pearl အကယ်ဒမီအသင်းကို လေးဂိုး-သုံးဂိုး၊ မြန်မာကလပ် MIU အသင်းက မြန်မာကလပ် M2K အသင်း ကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ကမ္ဘောဒီးယားကလပ် Lucky အသင်းသည် နောက်ဆုံးပွဲတွင် သရေတစ်မှတ်ရရုံဖြင့် နောက်တစ်ဆင့် တက်ခွင့်ရမည် ဖြစ်သော်လည်း အရေးနိမ့်ခဲ့သဖြင့် YCDC Dream Team အသင်းက မထင်မှတ်ဘဲ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။
အုပ်စုပွဲစဉ်များအပြီးတွင် အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမရရှိပြီး ကျန်တစ်နေရာအတွက် YCDC Dream Team အသင်း၊ TG United အသင်းနှင့် ကမ္ဘောဒီးယားကလပ် Lucky အသင်းတို့ သုံးမှတ်စီဖြင့် အပြိုင်ဖြစ်ခဲ့သည်။ ယင်းသုံးသင်းစလုံး အပြန်အလှန်ထိပ်တိုက်တွေ့ဆုံမှုတွင် တစ်ပွဲစီအနိုင် ရထားသဖြင့် ဂိုးကွာခြားချက်ဖြင့်ဆုံးဖြတ်ရာ YCDC Dream Team အသင်းက အသာရပြီး အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်ခွင့် ရခဲ့ခြင်းဖြစ်သည်။ အုပ်စု (B) တွင် MIU အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ YRG အသင်းက ခြောက်မှတ်ဖြင့် အုပ်စု ဒုတိယရခဲ့ပြီး သုံးမှတ်ရသည့် Black Pearl အကယ်ဒမီအသင်းနှင့် ရမှတ်မရသည့် M2K အသင်းတို့မှာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို စက်တင်ဘာ ၁၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အင်ဒိုနီးရှားကလပ် Black Steel Papua အသင်းနှင့် မြန်မာကလပ် YRG အသင်း၊ မြန်မာကလပ် နှစ်သင်းဖြစ်သည့် MIU အသင်းနှင့် YCDC Dream Team အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MFF


