ရန်ကုန် စက်တင်ဘာ ၉
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပလျက်ရှိသည့် နိုင်ငံတကာမသန်စွမ်း ထိုင်လျက်ဘော်လီဘောပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဘော်လီဘောအသင်းသည် အုပ်စု(B)ပွဲစဉ်များ၌ ပြိုင်ဘက်အသင်းများကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အုပ်စု (B) တွင် ဆားဘီးယား၊ အာဖဂန်နစ္စတန်တို့နှင့်အတူ ကျရောက်ခဲ့သည့် မြန်မာအသင်းသည် ပထမပွဲစဉ်အဖြစ် ဒေသစံတော်ချိန် နံနက် ၉ နာရီ၌ အာဖဂန်နစ္စတန်အသင်းကို ၂၅-၉၊ ၂၅-၁၃ မှတ် နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် ဆက်လက်ယှဉ်ပြိုင်ခဲ့သည့် ဒုတိယပွဲစဉ်၌ ဆားဘီးယားအသင်းကို ၂၅-၁၉၊ ၂၅-၂၀ မှတ် နှစ်ပွဲပြတ်ဖြင့် ထပ်မံအနိုင်ယူကာ အုပ်စုပထမနေရာ ရယူနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲ၏ အုပ်စု (A)တွင် ရဝမ်ဒါ၊ ရုရှားနှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
ယခုပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ကစားသမား ကိုးဦး၊ အုပ်ချုပ်/နည်းပြ သုံးဦး ပါဝင်သည့်အဖွဲ့သည် စက်တင်ဘာ ၆ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MPSF


