နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ် အကြီးအကဲနှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် ဩဂုတ် ၂၂

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဒေသစံတော်ချိန် ည ၇ နာရီတွင် တူဗားပြည်နယ် အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် ကီဇီးလ်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ အိမ်တော်၌ တွေ့ဆုံဆွေးနွေးသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲ ကျင်းပပြုလုပ်မည့် တူဗားပြည်နယ်အစိုးရအဖွဲ့ အိမ်တော်သို့ရောက်ရှိရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ကာရာ-အိုးလ် ရှော်ဘန်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တူဗားပြည်နယ် အကြီးအကဲနှင့်အတူ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် ဦးစွာ တူဗားပြည်နယ် အကြီးအကဲက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲနွေးထွေးစွာဖြင့် ကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်စကား ပြောကြားပြီး တူဗားပြည်နယ်၏ သမိုင်းကြောင်းဆိုင်ရာများနှင့် ဒေသဆိုင်ရာအချက်အလက်များ၊ တူဗားပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်တွင် နေထိုင်သူအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ကိုးကွယ်ယုံကြည်မှုများ တူညီလျက်ရှိမှု၊ မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ခရီးသွားကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လိုမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တူဗားပြည်နယ်၏ သမိုင်းကြောင်း၊ သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေး ပြောကြားရာတွင် တူဗားပြည်နယ်အကြီးအကဲနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မိမိအနေဖြင့် တူဗားပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်ပြီး သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်သည့် တောတောင်ရှုခင်းများကို မြင်တွေ့ရသဖြင့် မိမိတို့၏စိတ်နှလုံးကို ချမ်းမြေ့စေကြောင်း ပြောကြားပြီး မြန်မာ-ရုရှား နှစ်နိုင်ငံသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများဖြစ်ကြပြီး အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံမှုများရှည်လျား ကောင်းမွန်လျက်ရှိမှုနှင့် ယခုအခါ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိလျက်ရှိမှု၊ နှစ်နိုင်ငံ ဗဟိုအစိုးရအဖွဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်လျက်ရှိသကဲ့သို့ နှစ်နိုင်ငံမှ ပြည်နယ်များ အချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု၊ တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတများထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်သည့် ပြည်နယ်တစ်ခုဖြစ်ကာ မိမိတို့နိုင်ငံသည်လည်း မြေပေါ်မြေအောက် သယံဇာတများ ပေါများစွာထွက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် တူဗားပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်သည့် အလားအလာနှင့် အခွင့်အလမ်းရှိမှု၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံဖြစ်သကဲ့သို့ တူဗားပြည်နယ်တွင် နေထိုင်သူအများစုသည်လည်း တိဘက်ဗုဒ္ဓဘာသာများ ဖြစ်ကြသဖြင့် ဘုရားဖူးခရီးစဉ်များနှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်ဆောင်ရွက်နိုင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် သံတမန်ဆက်ဆံမှုများကို ယခုထက်ပိုမို တိုးတက်စေရေး ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ပြန်လည်ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် တူဗားပြည်နယ်အကြီးအကဲတို့သည် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် သမ္မတနှင့် အဖွဲ့ဝင်များသည် တူဗားပြည်နယ်အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ကြသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း တူဗားပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ပြည်နယ်ရိုးရာယဉ်ကျေးမှုတေးသံသာများ၊ အကအလှများဖြင့် သီဆိုတီးမှုတ် ဖျော်ဖြေကြသည်။

 

ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် တူဗားပြည်နယ် အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်