ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်လေဆိပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထားဝယ်လေဆိပ်နှင့် လေယာဉ် ပြေးလမ်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှု
ထို့နောက် လေဆိပ်အစည်း အဝေးခန်းမတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင်းမင်းတို့က ထားဝယ်လေဆိပ်ဆိုင်ရာ အချက်အလက်များ၊ ထားဝယ်လေဆိပ် အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းတို့အား ဘဏ္ဍာရေး နှစ်အလိုက် အဆင့်မြှင့်တင်တိုးချဲ့ တည်ဆောက်လျက်ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်အတူ ခရီးသည်နှင့်လေယာဉ် ဆိုက်ရောက်ပျံသန်း ဝင်ထွက်မှု များ ပိုမိုများပြားလာနိုင်မည် ဖြစ်သဖြင့် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင် မှုအား ကြိုတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆင်းသက်နိုင်ရေးနှင့် လေယာဉ် ပြေးလမ်းတစ်လျှောက် ရေဝပ် ဧရိယာများမရှိစေရေး ရေနုတ်မြောင်းများ စနစ်တကျ တွက်ချက် ထည့်သွင်းတည်ဆောက်သွားရန် လိုကြောင်းနှင့် လေယာဉ်ပြေးလမ်း ဘယ်ညာ လမ်းပခုံးမြေသားများ စနစ်တကျဖော်ဆောင်ခြင်း၊ ပြေးလမ်းတစ်လျှောက် ပတ်ဝန်းကျင်တွင် ချုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက် သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ယင်းနောက် လေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ရွှေဝယ်သီရိပညာဗိမာန် စာကြည့်တိုက်
ဆက်လက်၍ ထားဝယ်မြို့ ညောင်ရမ်း (တောင်) ရပ်ကွက်ရှိ ရွှေဝယ်သီရိပညာဗိမာန် စာကြည့် တိုက်သို့ ရောက်ရှိကြပြီး စာကြည့်တိုက်အတွင်း စာဖတ်ခန်း၊ E-Library ၊ သုတစာအုပ်စင်နှင့် စာကြည့်တိုက် အတွင်း သုတ၊ ရသ စာအုပ်များ စနစ်တကျထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတက တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် အများပြည်သူအသိဉာဏ် ပညာဗဟုသုတတိုးပွားလာစေရန်နှင့် စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေး စာကြည့်တိုက် လုပ်ငန်းများအား စနစ်တကျဖြင့် ဆောင်ရွက်သွားရန်၊ စာဖတ်သူများ ပိုမိုတိုးပွား လာစေရေး အားပေးစည်းရုံး ဆောင်ရွက်သွားရန်၊ စာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာစောင်များ အမြဲမပြတ် ဖြည့်ဆည်းပေးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ရွှေဝယ်သီရိ ပညာဗိမာန်စာကြည့်တိုက် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။
ရွှေဝယ်သီရိ အားကစားကွင်း
ယင်းနောက် ရွှေဝယ်သီရိ အားကစားကွင်းသို့ ရောက်ရှိကြပြီး ပွဲကြည့်စင်အသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် အားကစားကွင်းအတွင်း လှည့်လည် ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက ပွဲကြည့်စင်အသစ် တည်ဆောက်ရာတွင် စနစ်တကျဖြစ်စေရေး၊ အားကစားကွင်းအား စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေး နှင့် အထူးတန်းအပါအဝင် ပွဲကြည့်စင်သစ်များ ထပ်မံတိုးချဲ့ဆောက်လုပ်ပေးနိုင် ရေးတို့နှင့်ပတ်သက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် မြို့ပြ ဖွံ့ဖြိုးမှု၊ ကမ်းနားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
တနင်္သာရီတိုင်းဒေသကြီးယဉ်ကျေးမှုပြတိုက်
ဆက်လက်၍ ဆန်းချီရပ်ကွက် ကမ်းနားလမ်းရှိ တနင်္သာရီ တိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက် သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သဘာဝ အလှရှုခင်းများ ပြခန်း၊ ဆလုံတိုင်းရင်းသားပြခန်း၊ ရိုးရာပွဲတော်များပြခန်း၊ ရိုးရာလက်မှု လုပ်ငန်းများပြခန်း၊ ကျောက်ခေတ်လူသားများနေထိုင်သည့်ဂူနှင့် ကျောက်ခေတ်သုံး လက်နက်များ၊ ရှေးဟောင်း ယဉ်ကျေးမှု အနုပညာလက်ရာများ၊ သမိုင်းဝင် အသုံးအဆောင်ပစ္စည်းများ၊ တနင်္သာရီ ဒေသ၏ သမိုင်းကြောင်း စဉ်လာနှင့် ရှေးဟောင်းမြို့တော်များ ပြခန်း၊ ရိုးရာစီးပွားရေး လုပ်ငန်းများ ပြခန်းတို့ကို ပြခန်းတစ်ခုချင်းစီ အလိုက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတသည် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြတိုက်အတွင်းရှိ ရှေးဟောင်းပစ္စည်းများနှင့် သမိုင်းဝင်မှတ်တမ်းများ၊ အထောက်အထားများသည် ငွေကြေးနှင့် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်အမွေအနှစ်များ ဖြစ်သည့်အတွက် ရေရှည်တည်တံ့ စေရန်နှင့် ပျက်စီးယိုယွင်းမှုမရှိစေရန် အထူးဂရုပြု စောင့်ရှောက်ထိန်းသိမ်းသွားရန်လိုကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းမြို့တော်များ၏ ပုံစံငယ်ပြသထားရှိမှုအား ခေတ်စနစ်နှင့် လျော်ညီစွာ ပြန်လည်ပြုလုပ်ပြသသွားရန်လိုကြောင်း၊ ရှေးဟောင်းပေစာ၊ ပုရပိုက်စာများ မှ ဖော်ပြချက်များအား ရေရှည် မပျောက်ပျက်စေရေးနှင့် နောင်လာ နောက်သားတို့ သိရှိနိုင်ရေး နည်းပညာအသုံးပြု၍ ပြန်လည်ကူးယူထိန်းသိမ်းခြင်း၊ ဖော်ပြချက်များ၏ အဓိပ္ပာယ်နှင့် သမိုင်း နောက်ခံများအား ရှေးဟောင်း သုတေသနဆိုင်ရာ ကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ သုတေသန ပြုလုပ် ဖော်ထုတ်ခြင်းတို့ဖြင့် မြန်မာ့ရိုးရာ စာပေယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်သွားရန် လိုကြောင်း၊ ပြခန်းများအလိုက် ရှေးဟောင်းပစ္စည်းများ၊ စေတီပုထိုးများ၊ ဘုရားများတွင်လည်း လာရောက်ကြည့်ရှုလေ့လာသူများ လွယ်ကူရှင်းလင်းစွာ သိရှိနိုင်ရေး အကြောင်းအရာများ၊ ခုနှစ်၊ သက္ကရာဇ်များ၊ သက်တမ်းများကို ဖော်ပြထားရန်လိုကြောင်း။
ပြတိုက်သို့ ရပ်နီးရပ်ဝေးမှ လာရောက် လေ့လာကြသူများအပြင် တနင်္သာရီတိုင်းဒေသကြီး အတွင်းမှ အခြေခံပညာ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း လာရောက်လေ့လာနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းအားဖြင့် မိမိတို့နိုင်ငံနှင့်လူမျိုး၊ မိမိတို့ဒေသ၏ သမိုင်းကြောင်း အစဉ်အလာ၊ အမျိုးသားရေး လက္ခဏာ (National Identity)၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ဘာသာ သာသနာ၊ ယဉ်ကျေးမှုတို့၏ ကြီးမြတ်သည့် ရိုးရာတန်ဖိုးများ နှင့် ဒေသထုတ်ကုန်များ အစရှိသဖြင့် မိမိဒေသရပ်ရွာအပေါ် ပိုမို နားလည်သဘောပေါက်သိရှိလာ မည်ဖြစ်ပြီး နိုင်ငံနှင့် လူမျိုး၊ ဒေသကို ချစ်မြတ်နိုးစိတ်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စဉ်ဆက် မပြတ် ဆက်လက်လက်ဆင့်ကမ်း ထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်းနှင့် အခြား လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
ထားဝယ်မြို့ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အအုံ (Indoor Stadium)
ထို့နောက် ထားဝယ်မြို့ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံလေလုံ အဆောက်အအုံ (Indoor Stadium) တည်ဆောက်မည့် မြေနေရာသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများနှင့် ထားဝယ်မြို့ ကမ်းနားလမ်းအား အပိုင်းအလိုက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်သမ္မတက ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့် ပွဲကြည့်စင်ပါ မိုးလုံ လေလုံ အဆောက်အအုံ တည်ဆောက်ရာတွင် ရေရှည် အတွက် စနစ်တကျတွက်ချက်၍ ခေတ်နှင့်အညီ အဆင့်အတန်းမီမီ တည်ဆောက်သွားရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောက်လုပ်သွားရန် လိုကြောင်း၊ ထားဝယ်မြို့ ကမ်းနား လမ်းအား နှစ်လမ်းသွားမှ လေးလမ်းသွား လမ်းမကြီးအဖြစ် ယာဉ်များလမ်းဘေးချရပ်နိုင်သည့် ယာဉ်ချရပ်များ၊ ဆိုင်ကယ်စီးနင်း သွားလာ နိုင်သည့် လမ်းများအပါအဝင် တိုးချဲ့ဆောင်ရွက်သွားရန်နှင့် ထားဝယ်မြို့အတွင်းရှိ လမ်းများအား အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရာတွင် နောင် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ပိုမိုများပြားလာနိုင်မှုအပေါ် မူတည်တွက်ချက်၍ လမ်းများကို စနစ် တကျ တိုးချဲ့ဖောက်လုပ်သွားရန် လိုကြောင်း၊ လမ်းဘေးဝဲ၊ ယာ တစ်လျှောက်နှင့် လူနေရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေစီး ရေလာများ ကောင်းမွန်နေစေရေး ရေနုတ်မြောင်းများ စနစ်တကျ ဖောက်လုပ်ထားရှိရန်နှင့် ရေမြောင်းများအတွင်း အမှိုက်များပိတ်ဆို့မှု မရှိစေရေး အမြဲမပြတ်ဖယ်ရှား ရှင်းလင်းသွားရန် လိုကြောင်း၊ လမ်းဘေးဝဲ၊ ယာ တစ်လျှောက် လမ်းမီးတိုင်များ စနစ်တကျ တပ်ဆင်ထားရှိရန်နှင့် ရာသီဥတု ဒဏ်ကိုခံနိုင်သည့် အရိပ်ရလေကာ ပင်များ စိုက်ပျိုးသွားရန်လိုကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်





