နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန် ရုပ်ပွားတော် မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညို  

 

နေပြည်တော် အောက်တိုဘာ ၁၂

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညို၍ နိုင်ငံတော်သမ္မတက ဘုရားကြီး ဘက်စုံပြုပြင် မွမ်းမံမှုများ ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဘုရားကြီးဂေါပကအဖွဲ့မှ တာဝန်ရှိသူတို့က ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးပူဇော်ပြီး ဘက်စုံအလှူငွေများပေးအပ်ရာ ဂေါပကအဖွဲ့မှ တာဝန်ရှိသူ များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဓမ္မလက်ဆောင် ပြန်လည်ပေးအပ်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် ရွှေတောင်စား စေတီတော် မြတ်ကြီးရှိ မဟာဝိဇယ ခေမသီတလ နိဗ္ဗုတ ဃောသ မဟာခေါင်းလောင်းတော်ကြီးအား ထိုးခတ်ပူဇော်သည်။

 

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ စေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်း ရှေးဟောင်းသမိုင်းဝင် ရဟန္တာ သိမ်တော်ကြီး အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ပြီး သိမ်တော်ကြီးအား ရှေးမူလက်ရာမပျက် ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတသည် ရွှေတောင်စား စေတီတော် မြတ်ကြီးအား လက်ယာရစ် လှည့်လည် ဖူးမြော်ကြည်ညိုပြီး ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန် ရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေတောင်စားစေတီ တော်မြတ်ကြီး ရေရှည်တည်တံ့ ခိုင်မြဲစေရေးနှင့် ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး ထိန်းသိမ်းခြင်း လုပ်ငန်းများကို စနစ်တကျဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန်၊ စေတီတော်ကြီး ရင်ပြင်တော်ရှိ အက်ကွဲပျက်စီးလျက်ရှိသည့် ကြွေပြားများအား ပြန်လည်ပြုပြင် လဲလှယ်သွားရန်နှင့် ရင်ပြင်တော်အား အမြဲသန့်ရှင်းနေစေရေး ဆောင်ရွက်သွားရန် တာဝန် ရှိသူများအား လမ်းညွှန်မှာကြားသည်။

 

သက်တော်ရှည် ဆရာတော်ကြီး အား ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများအား သွားရောက်ကြည့်ရှု

ယင်းနောက် နိုင်ငံတော်သမ္မတသည် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် သက်တော် (၁၀၄)နှစ် ဝါတော် (၈၄) ဝါတော်ရှိ သက်တော်ရှည် ဆရာတော်ကြီး ဖြစ်သော ထားဝယ်မြို့ ဇေယျဝတီ စာသင်တိုက် ပဓာန နာယက ဂဏဝိမုတ်ကူးတို့ ဂိုဏ်းချုပ် ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ အရိန္ဒမ အား ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုသည်။

 

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတသည် ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေများနှင့် ပတ်သက်၍ အမြဲမပြတ်စောင့်ကြည့်ပြီး လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားကာ ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ဆေးရုံအဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားကာ ဆေးရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်