ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်မြစ် ရေကာတာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ရေကြီးရေလျှံဖြစ်ပွားမှုနှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် ဩဂုတ် ၈
ဧရာဝတီ တိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး လေးမျက်နှာမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများ၊ ဟင်္သာတမြို့နယ်၊ ရေကြည်မြို့နယ်နှင့် ကျုံပျော်မြို့နယ်တို့ရှိ ကျေးရွာများ၌ ရေဝင်ရောက်မှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ငဝန်မြစ်ရေကာတာ တမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံမှုများဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရေကြီးရေလျှံဖြစ်ပွားခဲ့မှု၊ ကူညီကယ်ဆယ်ရေး၊ တာတမံ ပြုပြင်ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ငဝန်မြစ်ရေကာတာ တမံနိမ့်ကျမှုကြောင့် ရေကျော်စီးဝင်၍ ရေကြီးရေလျှံဖြစ်ပွားမှုဆိုင်ရာများနှင့် တာတမံ၏ သမိုင်းကြောင်းဆိုင်ရာများ၊ လေးမျက်နှာမြို့နယ် ငဝန်တာ တာမိုင် ၂၅/ ၃ အနီး တာအိတာလျှောဖြစ်ပွားမှုနှင့် သဲဗွက်ဖြစ်ပွားမှု အခြေအနေများ၊ လူနေရပ်ကွက်များ၊ အခြေခံပညာကျောင်းများအတွင်း ရေဝင်ရောက်မှုအခြေအနေများ၊ ရေကြီးရေလျှံမှု စတင်ဖြစ်ပွားချိန်မှစ၍ ဘေးသင့်သူများအား ရှာဖွေကယ်ဆယ်ရေး၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးရေး၊ စားရေရိက္ခာများ ထောက်ပံ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြစ်ရေတိုက်စားပြိုကျမှုမှ ကာကွယ်ခြင်းတို့ကို အရှိန်အဟုန်မြှင့် တာဝန်ယူဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လာရောက်ကြသည့် ပရဟိတကားများအတွက် စက်သုံးဆီများ ဖြန့်ဖြူးဆောင်ရွက်ထားရှိမှု၊ ကျုံပျော်မြို့နယ်အတွင်း ရေဝင်ရောက်လာနိုင်မည့် ကျေးရွာများအား ရေဘေးရှောင်စခန်းများသို့ ကြိုတင်ပြောင်းရွှေ့ပေးနိုင်ရေး အစီအမံရေးဆွဲထားရှိမှု၊ ရေကျသွားသည့်နေရာများမှ စာသင်ကျောင်းများ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၍ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ရေများပြန်လည်ကျဆင်းလျက်ရှိမှုနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေငန်ဝင်ရောက်သည့် မြစ်ကြီးများနှင့် ရေငန်ဝင်ရောက်မှု အခြေအနေများ၊ ရေငန်ဝင်ရောက်မှု ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းနောင်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမြထွန်းဦး၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများက တမံကျိုးပေါက်မှုဖြစ်စဉ် စတင်ခဲ့သည့် ဇူလိုင်လ ၃၁ ရက် နေ့မှစပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိ ပြည်ထောင်စုဝန်ကြီး၊ ဌာနတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ စေတနာလုပ်အားရှင်များစုပေါင်းပြီး ထုတ်တန်းရိုက်၊ ဝါးထရံကာခြင်း၊ Geobag ချခြင်း၊ ကရိန်းရေယာဉ်ဖြင့် ရေဝင်လမ်းအထက်၌ သဲအိတ်ချခြင်း၊ သံခွံCB တွဲဖြင့် သဲဖြည့်မြှုပ်ချပြီး ရေဝင်ထိန်းကာကွယ်ခြင်း၊ ပန်းတာ၏ ဘယ်/ ညာတို့တွင် သဲအိတ်ချပိတ်ခြင်းစသည်တို့ကို အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်ဒေသများတွင် လှုပ်ရှားဆေးအဖွဲ့များဖြင့် အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ သောက်သုံးရေနှင့် ကျန်းမာရေးနှင့်အညီ သန့်ရှင်းသည့် အစားအသောက်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ လိုအပ်သည့်ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေဝင်နစ်မြုပ်ခဲ့သည့် စိုက်ပျိုးလယ်ယာများအား စစ်ဆေး၍ ပြန်လည်စိုက်ပျိုးရန် လိုအပ်သည့် စပါးစိုက်ခင်းများ၌ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး စပါးမျိုးများ စုဆောင်းထားရှိမှုနှင့် အခြားလိုအပ်သည်များကို ပြင်ဆင်စီမံဆောင်ရွက်ထားရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စက်ယန္တရားများပြင်ဆင်ထားရှိမှု၊ တောင်သူများအနေဖြင့် ရေကျသွားချိန်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးပြင်ဆင်ထားရှိမှု၊ တာတမံများ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ရေပြန်လည်ကျဆင်းသွားသည့် အချိန်တွင် ရထားလမ်းများ ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ အပါအဝင် ပို့ဆောင်ရေးလုပ်ငန်းများ မူလအတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရေး စီမံထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဖြည့်စွက်မှာကြား
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မူလကမ်းရင်းတာနှင့် ငဝန်တာ (မြစ်ကျိုးပန်းတာ) တို့တည်ဆောက်ခဲ့မှုနှင့် ပြုပြင်ထိန်းသိမ်းခဲ့မှု အခြေအနေများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခင်က တာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့မှု အခြေအနေများ၊ ယခုရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ရေဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားသည့်ဒေသများရှိ ပြည်သူများ၏ တစ်ကိုယ်ရေကျန်းမာရေးနှင့် သန့်ရှင်းသော သောက်သုံးရေများ လုံလောက်စွာရရှိရန်လိုကြောင်း၊ ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးစိုက်ခင်းများအား ပြန်လည်စိုက်ပျိုးသွားမည်ဆိုပါကလည်း အောင်ရေရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ စပါးပြန်လည်စိုက်ပျိုးရန် စိုက်ပျိုးချိန်အခက်အခဲရှိပါက အခြားသီးနှံများကို စိုက်ပျိုးသွားကြရန်လိုကြောင်း၊ အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လိုအပ်သည့် ယန္တရားများကို ကြိုတင်ရွှေ့ပြောင်းထားရန်နှင့် လိုအပ်သည့်စက်သုံး ဆီများကိုလည်း ကြိုတင်စုပုံ ထားရှိသွားရန်လိုကြောင်း၊ တမံနိမ့်ကျပျက်စီးသွားသည့် နေရာအား ယာယီပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးအောင် ဝိုင်းဝန်းတိုင်ပင် ဆွေးနွေးပူးပေါင်းဆောင်ရွက်သွားနိုင်ရန် လိုကြောင်း၊ ရေကြီးရေလျှံမှု အချိန်ကာလကြာမြင့်နေမည်ဆိုပါက လူများ၏ နေထိုင်မှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိခိုက်မှုများ ပိုမိုများပြားစေမည်ဖြစ်သဖြင့် ရေကျော်စီးဝင်ခဲ့သည့် ရေများ အမြန်ပြန်လည်ကျဆင်းနိုင်ရေး ရေဆင်းလမ်းကြောင်းများ စနစ်တကျ ဆောင်ရွက်သွားရန် လိုကြောင်း၊ ယခုမိုးရာသီကာလအတွင်း တာတမံမြေနိမ့်ကျမှုများ ထပ်မံမဖြစ်ပေါ်စေရေး အတွက်လည်း လိုအပ်သည့် မြေပြင်ကွင်းဆင်းစစ်ဆေးတိုင်းတာခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်း ဖြည့်စွက်မှာကြားသည်။
သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးနိုင်ရေးနှင့် ပထဝီဝင်အနေအထားအရ ပေးအပ်ထားသည့် အရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်ရေး
ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မကြာသေးမီ ကာလအတွင်းက ငဝန်ရေကာတာနိမ့်ကျ၍ ရေကျော်စီးဝင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ လူသားတို့အနေဖြင့် သဘာဝဘေးအန္တရာယ်ကို ရှောင်လွှဲ၍ မရနိုင်သော်လည်း လူတို့၏ လုပ်ဆောင်ချက်များဖြင့် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ် မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာရပါကလည်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မည်ကဲ့သို့ အဆင့်အလိုက်ဆောင်ရွက်ရမည်ကိုလည်း သိရှိနားလည်ကြရန်လိုကြောင်း၊ မိမိ ယခုလာရောက်ခဲ့ခြင်းသည်လည်း ယခုကြုံတွေ့နေရသည့် သဘာဝဘေးဒဏ်ကို ကျော်လွှားနိုင်ရေး မည်သို့ဆောင်ရွက်ရမည်ကို သိရှိလို၍ လာရောက်ကြည့်ရှုစစ်ဆေးခြင်းပင်ဖြစ်ကြောင်း၊ မြစ်များ၊ မြစ်လက်တက်များ၊ ချောင်းများ အားလုံး၏ ရေစီးရေလာမှုနှင့် ရေဝင်ရေထွက်မှုများ၊ မြစ်ကြမ်းခင်း (Bed level) များအား စဉ်ဆက်မပြတ် သုတေသနပြု မှတ်တမ်းတင်ခြင်း၊ ဆန်းစစ်လေ့လာခြင်း၊ လိုအပ်သည့် ရေကြောင်းပြုပြင် ထိန်းသိမ်းခြင်းနှင့် နုန်းဆယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည်ဖြင့် ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ဖြစ်ပွားမှုကို ကြိုတင်တားဆီးကာကွယ်လျှော့ချခြင်းများ ဆောင်ရွက်နိုင်ကြောင်း၊ သို့ဖြစ်၍ ဆည်မြောင်းနှင့် ရေအရင်းအမြစ် ထိန်းသိမ်းရေးဆိုင်ရာ တာဝန်ရှိသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စနစ်တကျ စဉ်ဆက်မပြတ် လေ့လာဆန်းစစ် သုံးသပ်စောင့်ကြည့်ဆောင်ရွက်နေကြရန် လိုကြောင်း။
ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအတွင်း ပင်လယ်ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန်နှင့် မြစ်အထက်ပိုင်းမှ စီးဆင်းလာသည့် ရေများအားလုံး လူနေထိုင်ရာနေရာများသို့ ဝင်ရောက်မှုမရှိဘဲ ရေစီးကြောင်းအတိုင်း စီးဆင်းသွားနိုင်ရေး စနစ်တကျသုတေသနပြု ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ မြစ်ချောင်းများ၏ မြစ်ကြမ်းခင်း (Bed Level ) များကို စောင့်ကြည့်ပြုပြင်ထိန်းသိမ်းဆောင်ရွက်မည် ဆိုပါက ရေငန်ဝင်ရောက်မှုများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရေငန်ဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း၊ ထို့ကြောင့် ရေငန်တားတာများ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ၌ Low Head Dam များ ဆောက်လုပ်ခြင်းဖြင့်လည်း ရေငန်ဝင်ရောက်မှုကို လျှော့ချနိုင်ကြောင်း၊ မြေအနိမ့်အမြင့်အပေါ် မူတည်၍ အပိုင်းလိုက်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ ငွေကြေးကုန်ကျမှု များပြားနိုင်သော်လည်း ရေရှည်တွင် ပြန်လည်ရရှိမည့် အကျိုးကျေးဇူးများကို ကြည့်၍ စနစ်တကျ တွက်ချက်ကာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်လိုကြောင်း။
ပုသိမ်မြစ်နှင့် ပတ်သက်၍ ရှေးယခင်က ပုသိမ်မြစ်အတွင်းသို့ သင်္ဘောကြီးများ ဝင်ထွက်သွားလာ ဆိုက်ရောက်နိုင်ခဲ့ကြောင်း၊ ယခုအခါ Bed Level များ မြင့်တက်လာမှုကြောင့် သင်္ဘောကြီးများ ဝင်ရောက်နိုင်မှု နည်းပါးလာကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို ပုသိမ်မြစ်ကြောင်းမှတစ်ဆင့် သင်္ဘောကြီးများဖြင့် သယ်ယူပို့ဆောင်နိုင်ကြောင်း၊ အလားတူ ပြည်တွင်းအတွက် လိုအပ်သည့် ပစ္စည်းများကို ပုသိမ်မြို့ ဆိပ်ကမ်းမှတစ်ဆင့် ဆောင်ရွက်နိုင်ခြင်းကြောင့် မိမိတို့ နိုင်ငံ၏ ဒုတိယဆိပ်ကမ်းမြို့အဖြစ် ဆောင်ရွက်သွားနိုင်ရန် လိုကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် သဘာဝမှပေးထားသည့် မြေနှင့် ရေကို အကျိုးရှိရှိအသုံးချနိုင်မည် ဆိုပါက အကျိုးကျေးဇူးများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ အဖိုးတန်ရေချိုကို အကျိုးရှိအောင်သုံးစွဲနိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ စိုက်ပျိုးမြေနေရာများသို့ ရေငန်များဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြစ်များအတွင်း သွားလာရေးအတွက် အသုံးပြုနိုင်သကဲ့သို့ မြစ်ရေတင်စီမံကိန်းများဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့စိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေချိုများရရှိရေး ဆောင်ရွက်ရာတွင် မြစ်ချောင်းများအတွင်း ရေငန်ဝင်ရောက်မှုများ မရှိအောင် စနစ်တကျဆောင်ရွက်သွားကြရန် လိုကြောင်း၊ ရေချိုများရရှိစေရေး နွေရာသီကာလတွင် နေရောင်ခြည်စွမ်းအင်သုံး လျှစ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း။
ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည်များ ရှိသကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးခြင်းနှင့် တောင်သူများအနေဖြင့် သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်၍ရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့နိုင်ငံ၏ GDP မြင့်မားသည့် တိုင်းဒေသကြီး ခြောက်ခုတွင် အမြင့်ဆုံးတွင်ရှိကြောင်း၊ ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိပြီးဖြစ်သည့် မြေခံရေခံကောင်းများကို အသုံးချ၍ GDP တိုးတက် မြင့်မားအောင် ဆောင်ရွက်ပြီး ဒေသ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။
လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာတတ် လူသားအရင်းအမြစ်များ လုံလောက်စွာ ရှိပြီးဖြစ်သဖြင့် လူသားအရင်းအမြစ်များကို အရည်အသွေး ပိုမိုမြင့်မားလာစေရေး ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးသည့်နိုင်ငံများသည် ပညာတတ်များ ပေါကြွယ်ဝသည့် နိုင်ငံများဖြစ်ကြကြောင်း၊ ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုသဖြင့် ပညာရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ ဆယ်စုနှစ်များအလိုက် ပညာရည် မှတ်တမ်းများအား ပြန်လည်သုံးသပ်ကြည့်ရှုရာတွင် မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍတွင် အားနည်းမှုများ ရှိနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့ အစိုးရအနေဖြင့် နိုင်တော်၏ ပညာရေးကဏ္ဍမြင့်မားစေရေး KG+9 အထိ မသင်မနေရစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာအလယ်တန်းအဆင့်ကို ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးပါက အထက်တန်းအဆင့်သို့ ဆက်လက်အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေခံမြေခံကောင်းများရှိပြီးဖြစ်သဖြင့် အဆိုပါရေခံမြေခံကောင်းများကို အသုံးချနိုင်ရန်အတွက် ပညာတတ် လူသားအရင်းအမြစ်များကို မဖြစ်မနေ မွေးထုတ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွင်း ထိပ်တန်းအဆင့်တွင်ရှိသည့် တိုင်းဒေသကြီးတစ်ခု အဖြစ်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း အဘက်ဘက်မှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသတွင်း နေထိုင်ကြသူများကလည်း ကြိုးစား၍ ဒေသတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်း။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရာတွင် မိမိတို့ဒေသအလိုက် ပထဝီဝင်အနေအထားအရ ပေးအပ်ထားသည့် အရင်းအမြစ်များအား အကျိုးရှိစွာ အသုံးချနိုင်ရေးတို့နှင့် ပတ်သက်၍ သာမန်အားဖြင့် စဉ်းစားဆောင်ရွက်၍မရဘဲ အမြင်ကျယ်ကျယ်နှင့် ဘက်ပေါင်းစုံမှ စဉ်းစားတွေးခေါ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်ထောင်စု အဆင့်မှ မူဝါဒချမှတ်တွန်းအားပေး၍ ဆောင်ရွက်ခြင်းမျိုး မဖြစ်စေလိုဘဲ မိမိတို့ တာဝန်ယူထားရသည့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းရာကောင်းကျိုးများကို လုပ်၍ရသည့် နည်းလမ်းများဖြင့် စေတနာထား ကြိုးပမ်းဆောင်ရွက်၍ ဒေသနှင့် နိုင်ငံ၏အကျိုးကို ဖော်ဆောင်သွားကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်နှင့် သာပေါင်းမြို့နယ်တို့အား ရဟတ်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


