နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ပညာရေးအလေးထားမြှင့်တင်ပေး

၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနားကို စက်တင်ဘာ ၈ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “စာတတ်မြောက်ခြင်းဆိုသည်မှာ လူသားတိုင်း၏ မွေးရာပါအခြေခံရပိုင်ခွင့်တစ်ခုဖြစ်သကဲ့သို့ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် အဓိကမောင်းနှင်အားလည်းဖြစ်ကြောင်း၊ လူသားတစ်ယောက်အနေဖြင့် စာတတ်မြောက်မှသာ လေ့လာသင်ယူတတ်မြောက်ထားသည့်အတတ်ပညာနှင့်ဘဝကို ရှင်သန်ဖြတ်သန်းနိုင်မည်ဖြစ်သကဲ့သို့ အသိပညာ၊ ဗဟုသုတများဆက်လက်ဆည်းပူးပြီး မှန်ကန်သည့်ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် လူ့အဖွဲ့အစည်းတွင် အပြည့်အဝပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ‘နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့’ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း” ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် စာတတ်မြောက်မှုအားနည်းခဲ့သောကြောင့် လူမှုဘဝများ နိမ့်ကျခဲ့ရသည်။ ၁၉၆၄ ခုနှစ်တွင် မိတ္ထီလာခရိုင် အရှေ့စံပြကျေးရွာမှ အရေး၊ အဖတ်၊ အတွက်ဆိုသည့် “အ” သုံးလုံးကျေလှုပ်ရှားမှုကို စတင်ခဲ့သည်။ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် လူထုအင်အားဖြင့်ဖော်ဆောင်ခဲ့ပြီး ပညာရေးကဏ္ဍအောင်မြင်မှု သမိုင်းပြယုဂ်တစ်ခုဖြစ်ခဲ့သည်။ လူထုလှုပ်ရှားမှုအနေဖြင့် နိုင်ငံတစ်ဝန်း အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သောကြောင့် ၁၉၇၁ ခုနှစ်တွင် ယူနက်စကို၏ “မိုဟာမက်ရီဇာပါလာဗီဆု” နှင့် ၁၉၈၃ ခုနှစ်တွင် “နိုမာဆု”တို့ကိုရရှိခဲ့သည်။ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးလှုပ်ရှားဆောင်ရွက်မှုကို လေးစားအသိအမှတ်ပြုခြင်းခံရသဖြင့် မြန်မာနိုင်ငံသားအားလုံး ဂုဏ်ယူရမည့်သမိုင်းမှတ်တိုင်ဖြစ်ခဲ့သလို ဆက်လက်၍လည်း စာမတတ်သူလုံးဝကင်းစင်ပပျောက်သွားအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

 

နိုင်ငံတော်က ကောက်ယူခဲ့သည့် ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ ၃၃ ဒသမ ၉၃ သန်းတွင် စာမတတ်သူ ၃ ဒသမ ၅၅ သန်းခန့်ရှိပြီး စာတတ်မြောက်မှု ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ ၃၇ ဒသမ ၂၆ သန်းတွင် စာမတတ်သူ ၄ ဒသမ ၁ သန်းခန့်ရှိပြီး စာတတ် မြောက်မှု ၈၉ ဒသမ ၁ ရာခိုင်နှုန်းနှင့် တွက်ချက်မှုတတ်မြောက်နှုန်း၌ ၈၉ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ်တွင် ကောက်ယူခဲ့သော လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှု နှုန်းသည် ၉၂ ဒသမ ၁ ရာခိုင်နှုန်းနှင့် တွက်ချက်မှု တတ်မြောက်နှုန်းတွင် ၉၂ ဒသမ ၃ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကို ဝမ်းမြောက်ဖွယ်တွေ့ရသည်။ စာတတ်မြောက်မှုရာခိုင်နှုန်းပြည့်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

 

နိုင်ငံတော်အနေဖြင့် ယခင်က ကျေးလက်ဒေသနှင့် အစွန်အဖျားဒေသများတွင်နေထိုင်ကြသည့် ပြည်သူများ စာတတ်မြောက်မှုနှုန်းနည်းပါးနေသည်ကိုတွေ့ရသဖြင့် တစ်နိုင်ငံလုံးစာမတတ်သူပပျောက်ရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် “အ”သုံးလုံးသင်တန်းများကို ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့သည်။ ယခုအခါ ကျေးလက်ဒေသနေပြည်သူများနှင့်အစွန်အဖျားဒေသများရှိ ပြည်သူအားလုံးစာတတ်မြောက်ရေးကို အလေးထားဆောင်ရွက်ခဲ့ရာ တိုးတက်မှုများရရှိခဲ့သည်။ ကျန်ရှိနေသေးသောစာမတတ်သူများကို နှစ်အလိုက်ထိရောက်စွာလျှော့ချနိုင်ရန်အတွက် အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုနှစ်နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာမြေနှင့် လူသားများသာယာဝပြောဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဖြစ်သည်။ ဆောင်ပုဒ်အရ လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက်မှုသည် လူ့အဖွဲ့အစည်းတစ်ခုလုံး အတွက်သာမက မိမိနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး၏ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အရင်းအမြစ်ဖြစ်သည်။

 

မြန်မာနိုင်ငံအနေဖြင့် စာမတတ်သူပပျောက်ရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ရာတွင် ယခု ၂၀၂၆ ခုနှစ်အတွင်း သိသာထင်ရှားသည့်အောင်မြင်မှုများကို ရရှိခဲ့သည်။ အထူးသဖြင့် ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ရှိ သတ်မှတ်မြို့နယ်များတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်သဖြင့် အောင်မြင်မှုများရရှိခဲ့သည်။ သက်ဆိုင်ရာအဖွဲ့အစည်းများက အားတက်သရောဆောင်ရွက်ပေးသကဲ့သို့ ဒေသခံပြည်သူလူထုကိုယ်တိုင်ကလည်း စာတတ်မြောက်ခြင်းသည် ဘဝတိုးတက်ရေးအတွက် အရေးကြီးသည်ကိုသိမြင်ပြီး စိတ်အားထက်သန်စွာပါဝင်လာကြသဖြင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် “လူတိုင်းအတွက်ပညာရေး”ဆိုသည့်အတိုင်း မြန်မာနိုင်ငံရှိ ပြည်သူအားလုံးစာတတ်မြောက်စေရန် အမျိုးသားရေးခံယူချက်ဖြင့် အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။    ။