ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ညောင်ပင်ကျေးရွာ ခမည်းတော် ဦးဘလေး - မယ်တော် ဒေါ်စုတို့က ၁၃၀၇ ခုနှစ် တန်ခူးလဆန်း ၃ ရက် ကြာသပတေးနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၁၇ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်တွင် ရေစကြိုမြို့နယ် ဝါးဘိုးကျေးရွာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကုသလကို ဥပဇ္စျာယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၇ ခုနှစ် ဝါဆိုလဆန်း ၁၁ ရက်တွင် ရေစကြိုမြို့နယ် ပခန်းကြီးသက်ကျေးရွာ ပေါ်တော်မူကျောင်းတိုက် ခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တ ဥတ္တရကို ဥပဇ္စျာယ်ပြု၍ ပခန်းကြီးမြို့မရပ်ကွက်နေ ဦးဘိုရှိန်း - ဒေါ်တင်မြ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေ သင်ယူဆည်းပူတော်မူခြင်း
ဆရာတော်လောင်းလျာသည် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဝါးဘိုးကျေးရွာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကုသလ၊ ညောင်ပင်ကျေးရွာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒ၊ ရွာသာကျေးရွာ ကန်သာယာကျောင်းဆရာတော် ဘဒ္ဒန္တဇဝန၊ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ၊ ပခန်းကြီးသက်ရွာ ပေါ်တော်မူကျောင်း ဆရာတော် ဘဒ္ဒန္တဥတ္တရ၊ မြင်းခြံမြို့ ရွှေဘုံသာတိုက် အလယ်ကျောင်း ဆရာတော် ဘဒ္ဒန္တဓမ္မသာမိ၊ ကိုးဆောင်တိုက် ပခုက္ကူကျောင်းသစ် ကျောင်းဆရာတော် ဘဒ္ဒန္တသောဘိတ၊ မိတ္ထီလာမြို့ ပထမကျော်ဓမ္မာ စရိယတိုက်သစ်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ ပခုက္ကူမြို့ မဟာဝိသုတာ ရာမ (အလယ်)တိုက်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတာဘိဝံသ၊ ဘဒ္ဒန္တပညိန္ဒ၊ ဘဒ္ဒန္တကေလာသ၊ ဘဒ္ဒန္တဝိစာရ စသောစာချအကျော် ဆရာတော်များ ထံတွင် ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ပြီး “သာသန ဓဇဓမ္မာစရိယဘွဲ့” ကို ရရှိတော်မူခဲ့ပါသည်။
သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် ပခုက္ကူမြို့ မဟာဝိသုတာရာမ(အလယ်)တိုက်၌ စာသင်သား ရဟန်း၊ သာမဏေများကို ပရိယတ္တိစာပေကျမ်းဂန်များ သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ စာပေကျမ်းဂန်များ ရေးသားပြုစုတော်မူခဲ့ခြင်းနှင့် ပခုက္ကူတိပိဋကပါဠိ+မြန်မာအဘိဓာန် ကျမ်းပြုအဖွဲ့ဝင်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ အစိုးရနိကာယ်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်းနှင့် အစိုးရ နိကာယ်စာမေးပွဲ ပညာရေးဗဟိုအဖွဲ့ဝင်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဥက္ကဋ္ဌဆရာတော်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သိမ်ပေါင်း ၄၀ ကျော်တို့ကို ဦးဆောင်၍ သမုတ်တော်မူခဲ့ခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဒေသကြီး ဝိနည်းဓိုရ်၊ မြို့နယ်သံဃနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်၊ မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်းနှင့် ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယအဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာတော်အကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယ ဆေကဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၂၆ ခုနှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက် တော်မူရင်း သက်တော် ၈၁ နှစ်၊ သိက္ခာ ၆၁ ဝါအရ ၁၃၈၈ ခုနှစ်၊ ဝါခေါင် လဆန်း ၁၃ ရက် (၂၆-၈-၂၀၂၆) ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။


