မန္တလေး စက်တင်ဘာ ၇
ချမ်းအေးသာစံမြို့နယ်ရှိ မဟာဝိဇိတာရုံကျောင်းတိုက်၌ သီတင်းသုံးသည့် မဟာဝိဇိတာရုံကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ သက်တော် ၉၈ နှစ် ဝါတော် ၇၈ ဝါ သက်တော်ရှည်ဆရာတော်ကြီးအား ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ သွားရောက်ဖူးမြော်ကြည်ညိုသည်။
ထိုသို့ သွားရောက်စဉ် ဆရာတော်ကြီး၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ မေးမြန်းလျှောက်ထားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ လှူဖွယ်ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းသည်။
ထို့အတူ ချမ်းမြသာစည်မြို့နယ်ရှိ မဟာဓမ္မိကာရာမတိုက်ရတနာပုံကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒအား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။
အလားတူ မဟာဂန္ဓာရုံကျောင်းတိုက် မဟာနာယကချုပ် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဓော ဘာသာဘိဝံသ သက်တော် ၉၄ နှစ် ဝါတော် ၇၄ ဝါ သက်တော်ရှည် ဆရာတော်ကြီး သီတင်းသုံးတော်မူနေသည့် အမရပူရမြို့နယ်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်သို့ ဆရာတော်ကြီး တပည့်အရင်းဖြစ်သော မဟာဓမ္မိကာရာမတိုက်ရတနာပုံကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အား ပင့်ဆောင်၍ သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


