နေပြည်တော် စက်တင်ဘာ ၂၅
တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက် ချေမှုန်းမှု စစ်ဆင်ရေးများတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများကို အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့မှုများအပေါ် ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေး တပ်ဖွဲ့များထံ လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ၂၃ ဦးအား လက်ခံကြိုဆိုခြင်းနှင့် ဆုကြေးငွေများ ထောက်ပံ့ပေးခြင်း အခမ်းအနားကို ကျင်းပရာ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား အသိပညာပေး စကားပြောကြားခဲ့သည်။ ထို့နောက် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်ခဲယမ်းများကို အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံကြပြီး ဆုကြေးငွေနှင့် လက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ် ခဲ့သည်။ ယင်းနောက် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများ ကိုယ်စား ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ အားပေးစကား ပြောကြားပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည် လွှဲပြောင်းအပ်နှံပေးသည်။
အဆိုပါ ဥပဒေဘောင်အတွင်း သို့ ပြန်လည်ဝင်ရောက်လာကြသော PDF အမည်ခံ အကြမ်းဖက် အဖွဲ့ဝင်များဖြစ်သည့် ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့မှ ကျား တစ်ဦး၊ နတ်တလင်းမြို့မှ ကျား တစ်ဦး၊ သံတောင်ကြီးမြို့မှ ကျား နှစ်ဦး၊ ဖြူးမြို့မှ ကျား တစ်ဦး၊ အုတ်ဖိုမြို့မှ ကျား လေးဦး၊ မ တစ်ဦး၊ ကျောက်တံခါးမြို့မှ ကျား လေးဦး၊ မင်းလှမြို့မှ ကျား တစ်ဦး၊ မ တစ်ဦး၊ ပြည်မြို့မှ ကျား တစ်ဦး၊ အုတ်တွင်းမြို့မှ ကျား နှစ်ဦး၊ ရေတာရှည်မြို့မှ ကျား လေးဦး စုစုပေါင်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင် ကျား ၂၁ ဦး၊ မ နှစ်ဦးတို့အား ၎င်းတို့နှင့်အတူ ပါရှိလာသော မောင်းပြန်ရိုင်ဖယ် သေနတ် ငါးလက်၊ ပစ္စတိုသေနတ် တစ်လက်၊ လက်ပစ်ဗုံး ငါးလုံး၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း များအတွက် ဆုကြေးငွေအဖြစ် မောင်းပြန် ရိုင်ဖယ်သေနတ် တစ်လက်လျှင် ငွေကျပ်သိန်း ၅၀ နှုန်းဖြင့် ငါးလက်အတွက် ငွေကျပ် သိန်း ၂၅၀၊ ပစ္စတိုသေနတ် တစ်လက်အတွက် ငွေကျပ်သိန်း ၃၀၊ လက်ပစ်ဗုံး တစ်လုံးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ငါးလုံး အတွက် ငွေကျပ် ၁၅ သိန်း၊ အလင်းဝင်သူ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ၂၃ ဦးအတွက် ၄၆ သိန်း စုစုပေါင်း ငွေကျပ် ၃၄၁ သိန်းကို ထောက်ပံ့ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ပြောကြားချက်များအရ ၎င်းတို့သည် အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်သူများဖြစ်ပြီး အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အဖွဲ့သို့ မဝင်ရောက်ပါက မိဘဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း ခံခဲ့ရကြောင်း၊ ထို့ပြင် တောတွင်း၌ ပင်ပန်းကြမ်းတမ်းစွာဖြင့် အနေဆင်းရဲ၊ အစားဆင်းရဲ နေထိုင်ခဲ့ရကြောင်း၊ ၎င်းတို့အဖွဲ့ အတွင်း၌ လက်နက်အားကိုးဖြင့် အထက်အောက် အနိုင်ကျင့် ဗိုလ်ကျခြင်း၊ လူမျိုးရေးခွဲခြား ဆက်ဆံခံရခြင်း၊ အဆင့်အတန်း ခွဲခြား ဆက်ဆံခံရခြင်းများရှိကြောင်း၊ တပ်မတော်၏ အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter – Terrorism Operation)များ ဆင်နွှဲမှုတွင် အကျအဆုံးများပြားလာသဖြင့် ခုခံနိုင်ခြင်းမရှိတော့၍ ဆက်လက် တိုက်ခိုက်လိုခြင်းမရှိခြင်း၊ အသက်ရှင်သန်ရေးအတွက် အခက်အခဲ ဒုက္ခမျိုးစုံကြားမှ ထွက်ပြေး တိမ်းရှောင်နေရခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် စိတ်ဓာတ်များ ကျဆင်းလာခြင်း၊ အကြမ်းဖက် သမားများ၏ လုပ်ရပ်များသည် အပြစ်မဲ့ပြည်သူများအတွက် လူမှုစီးပွားဘဝများ များစွာထိခိုက် နစ်နာသည်ကို သိရှိနားလည်လာခြင်း၊ မိသားစုများနှင့်အတူ ယခင်ကဲ့သို့ နွေးနွေးထွေးထွေး ပြန်လည်နေထိုင်လိုခြင်း၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ၎င်းတို့အဖွဲ့အတွင်းမှ ပြန်လည် စွန့်ခွာလာပြီး နီးစပ်ရာ တပ်မတော် စခန်းများမှတစ်ဆင့် ဥပဒေ ဘောင်အတွင်းကို ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား နွေးထွေးစွာ ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ် ပေးလျက်ရှိခြင်းများကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ် ရေးအဖွဲ့များ၊ နယ်မြေခံတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများအား ထိုက်တန်စွာ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အသက်ကတော့ ၁၇ နှစ်ပါ။ အိမ်နဲ့စိတ်ဆိုးပြီးတော့ သူငယ်ချင်း ခေါ်လို့ လိုက်သွားခဲ့တာဖြစ်ပါ တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ လူငယ်တစ်ယောက်ကို အခွင့်အရေးမပေးဘဲ သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်း အောက်မှာပဲ သွားရတာဆိုတော့ ကိုယ်လည်း ကျောင်းတွေဘာတွေ ပြန်တက်ချင်တာနဲ့ အလင်းဝင်ဖို့ စတင်ဆုံးဖြတ်ခဲ့တာပါ။ ပထမဦးဆုံး တစ်ခါတုန်းက ပြန်မိသွားလို့ ပြန်ထိန်းသိမ်းခံထားခဲ့ရပါတယ်။ ဒုတိယတစ်ခါမှာတော့ ခုညကပဲ ဆက်သွယ်ပြီး ညတွင်းချင်း တန်းပြီးတော့ လာခဲ့တာ၊ သူငယ်ချင်း သုံးယောက် တစ်ယောက် တစ်လက်နဲ့ လာရောက်ခဲ့တာ ဖြစ်ပါတယ်။ သတ်မယ်၊ ဖြတ်မယ်ဆိုတဲ့ သတင်းမှားတွေ ကြုံဖူးခဲ့ပေမယ့် အခုတော့ ကောင်းကောင်းမွန်မွန်ပဲ စားသောက်ရပြီး နေရထိုင်ရ တာလည်း လက်ဖျားနဲ့တောင် မထိပါဘူး။ ညတွင်းချင်းဆက်သွယ် ပြီး တန်းရောက်လာခဲ့တာ၊ အိမ်ပြန်ရတော့မယ်ဆိုတော့ ညကတောင် အိပ်မပျော်ပါဘူး။ ဒါကြောင့် အမြန်ဆုံး အလင်းဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်အသက်ကို အလကား သက်သက် အဆုံးရှုံးမခံဘဲ အိမ်မှာ မိဘတွေ စောင့်နေကြတာကို သတိရကြပါလို့ ပြောချင်ပါတယ်။
သတင်းစဉ်


