နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PNLO ၊ DPLA ၊ KNDF နှင့် PDF အမည်ခံအဖွဲ့ဝင် ၆၀ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်

နေပြည်တော် စက်တင်ဘာ ၁၀

 

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက် လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter– Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့မှုအပေါ် ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံလျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှုများဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင်အကြမ်းဖက် အဖွဲ့ဝင်များ အနေဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ်နားလည်သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံ တပ်စခန်းများနှင့် လုံခြုံရေးရဲကင်းများတွင် လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်လျက်ရှိကြသည်။

 

ယနေ့တွင်လည်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ အင်းလေး PDF ၁၀ ဦး၊ ယင်းမာပင် PDF သုံးဦး၊ DPLA ခြောက်ဦး၊ KNDF နှစ်ဦး၊ ဖယ်ခုံ PDF တစ်ဦး၊ လွိုင်ကော် PDF တစ်ဦး၊ PNLO အဖွဲ့ဝင် ၃၇ ဦး စုစုပေါင်း ၆၀ တို့ သည် ပစ္စတိုသေနတ် နှစ်လက်၊ M-22 သေနတ် နှစ်လက်၊ MA-1 သေနတ် နှစ်လက်၊ Type- 81 သေနတ် ကိုးလက်၊ AK-47 သေနတ် ၁၃ လက်၊ M-16 သေနတ် သုံးလက်၊ BA -72 သေနတ် တစ်လက်၊ ပွိုင့် -၂၂ သေနတ် တစ်လက်၊ နှစ်လုံးပြူးသေနတ် တစ်လက်၊ Bazooka တစ်လက် စုစုပေါင်းလက်နက်မျိုးစုံ ၃၅ လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ကျည်မျိုးစုံ ရှစ်တောင့်၊ ယမ်းတောင့် တစ်ခုတို့နှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံ ဝင်ရောက်လာကြသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် တောင်ကြီးမြို့နယ်မှ အမျိုးသား သုံးဦး၊ ရပ်စောက်မြို့နယ်မှ အမျိုးသား တစ်ဦး၊ ညောင်ရွှေ မြို့နယ်မှ အမျိုးသား ၁၀ ဦး၊ ဖယ်ခုံမြို့နယ်မှ အမျိုးသား တစ်ဦး၊ ဆီဆိုင်မြို့နယ်မှ အမျိုးသား ၂၃ ဦး နှင့် အမျိုးသမီး တစ်ဦး၊ ပင်လောင်း မြို့နယ်မှ အမျိုးသား သုံးဦး၊ လွိုင်ကော်မြို့နယ်မှ အမျိုးသမီး တစ်ဦး၊ မောက်မယ်မြို့နယ်မှ အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား ငါးဦး၊ ယင်းမာပင် မြို့နယ်မှ အမျိုးသား နှစ်ဦး၊ ပုလဲ မြို့နယ်မှ အမျိုးသား တစ်ဦးတို့အား ပြန်လည်ကြိုဆိုလက်ခံခြင်း နှင့် ဆုကြေးငွေ ထောက်ပံ့ခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပအိုဝ်း/ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက အလင်းဝင်ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ်က ဥပဒေအကြောင်း အရာများကို ဆွေးနွေးပြောကြား သည်။ ယင်းနောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ သူများက ၎င်းတို့နှင့်အတူပါရှိ လာသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြ သူများအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ပစ္စတို တစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၂၀ နှုန်းဖြင့် နှစ်လက်အတွက် ငွေကျပ် သိန်း ၄၀၊ Bazooka တစ်လက်အတွက် ဆုကြေးငွေကျပ် ၇၅ သိန်း၊ ရိုင်ဖယ်အုပ်စုဝင် သေနတ် တစ်လက်နှုန်းအတွက် ဆုကြေး ငွေကျပ် သိန်း ၅၀ နှုန်းဖြင့် ၃၁ လက်အတွက် ငွေကျပ်သိန်း ၁၅၅၀၊ နှစ်လုံးပြူးသေနတ် တစ်လက်အတွက် ဆုကြေး ငွေကျပ် သိန်း ၃၀၊ လက်ပစ်ဗုံး တစ်လုံးအတွက် ဆုကြေးငွေကျပ် သုံးသိန်းနှင့် အလင်းဝင်ရောက် လာသူများအတွက် တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ၆၀ အတွက် ဆုကြေးငွေ ကျပ်သိန်း ၁၂၀ စုစုပေါင်း ငွေကျပ် ၁၈၁၈ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့ကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အလင်းဝင်ရောက်လာသူများ ကိုယ်စား အလင်းဝင်ရောက်လာသူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ခံဝန် ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးအပ်ခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူများမှ အပ်နှံထားသော လက်နက်/ခဲယမ်းများနှင့် ဆက်စပ် ပစ္စည်းများအား ကြည့်ရှုစစ်ဆေး၍ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်း သူများထံသို့ စနစ်တကျပြန်လည် လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိ နေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ် ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည် ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်း များအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်သည်။

 

ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံ များကိုလည်း ယခုကဲ့သို့ကြားသိရပါသည်-

၁။ PDF အကြမ်းဖက်အဖွဲ့က မဝင်မနေရ ခြိမ်းခြောက်စည်းရုံး ခဲ့တဲ့အတွက် PDF အကြမ်းဖက် အဖွဲ့ထဲကို ရောက်ရှိခဲ့တာဖြစ်ပါ တယ်။ အကြမ်းဖက် PDF အဖွဲ့ဝင် တွေက ပြည်သူတွေအပေါ် ဆက်ကြေးတွေ ကောက်ခံခဲ့တယ်။ အထက်အရာရှိ ခေါင်းဆောင်တွေက ကျွန်တော်ကို ဆဲဆိုပြောဆိုခြင်း တွေရှိခဲ့တယ်။ ထွက်ပြေးရင်လည်း မိဘ၊ ညီအစ်ကို မောင်နှမတွေကို ဖမ်းဆီးမယ်ဆိုပြီး ပြောတယ်။ ကျွန်တော် စိတ်ဓာတ်ကျခဲ့ရတယ်။ ထွက်ပြေးခဲ့ပြီး အခုလို အလင်း ဝင်ရောက်လာခဲ့ရခြင်းဖြစ်တယ်။ တပ်မတော်အနေနဲ့ အလင်းဝင် ရောက်လာတဲ့ လူငယ်တွေကိုလည်း နွေးထွေးစွာကြိုဆိုပေးတဲ့အတွက် အကြမ်းဖက်အဖွဲ့ထဲမှာ ကျန်ရှိနေ သေးတဲ့ လူငယ်တွေကို အကြမ်းဖက် အဖွဲ့ရဲ့ ဝါဒဖြန့်ပြောစကားတွေကို နားမထောင်ဘဲ တပ်မတော်ထဲကို အလင်းဝင်ရောက်လာခဲ့ဖို့ တိုက်တွန်းလိုပါတယ်။

 

၂။ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ သူငယ်ချင်းတွေရဲ့ စည်းရုံးမှုနဲ့ ကျွန်တော်အဖွဲ့ထဲကို ပါသွားတာပါ။ အဖွဲ့ထဲမှာနေစဉ်ကာလကလည်း ခေါင်းဆောင်ပိုင်းတွေက သူတို့အချင်းချင်းလည်း မတည့် ကြဘူး နေရာလုနေကြတယ်။ လက်အောက်ငယ်သားတွေကို ဖိနှိပ်တာမျိုး ရပိုင်ခွင့်အပြည့်အဝ မရတာတွေလည်း ပါတာပေါ့။ နောက်ပိုင်းကျတော့ ကျွန်တော်လည်း ထိတွေ့တိုက်ပွဲတွေဖြစ်တဲ့ အချိန်ကျရင် သေမှာကြောက်တာ တစ်ဖက်၊ အခွင့်အလမ်းမရှိတာ တစ်ဖက်၊ အဲဒါကြောင့် ထွက်ပြေးခဲ့ တာပါ။ တပ်မတော်ဘက်ကို  အလင်း ဝင်လာတော့ ကောင်းကောင်းမွန်မွန်နဲ့ နွေးနွေးထွေးထွေးနဲ့ မိသားစုလို ညီအစ်ကို မောင်နှမလို ကြိုဆိုတဲ့အတွက် ဝမ်းလည်းသာတယ်၊ ပျော်လည်းပျော်တယ်။ ကျန်ခဲ့တဲ့ လူငယ်လေးတွေကိုလည်း အလကားအကြောင်းမဲ့ အသေခံမယ့်အစား တပ်မတော်မှာ အလင်းဝင်ပြီးတော့ ကိုယ့်မိသားစုနဲ့ အေးအေးချမ်းချမ်း ပြန်နေထိုင် စေချင်ပါတယ်။

သတင်းစဉ်

iv2.jpg၂_1911202