နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၆)သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁၉

 

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆)သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်း အသီးသီး၌ ကျင်းပပြုလုပ်ကြသည်။

 

အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

 

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆)မှ သင်တန်းဆင်းနိုင်ငံ့သားကောင်းစစ်သည်များအား တွေ့ဆုံအမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကြသည်။

 

အဆိုပါ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၆)မှ သင်တန်းသားများကို ကြံ့ခိုင်ရေးဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့်ဘာသာရပ်များနှင့် အထွေထွေဘာသာရပ်များကို အဆင့်ဆင့်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရှိရသည်။

 

ယနေ့တွင် သင်တန်းဆင်းခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းစစ်သည်များသည် အဖွဲ့အစည်းဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိခဲ့ကြပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အဖွဲ့အစည်းစိတ်၊ ရဲဘော်ရဲဘက်စိတ်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်အပြည့်အဝဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သည်။

 

နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်းများသည် ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

 

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆)တွင် တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် အလေ့အကျင့်ကောင်းများ၊ ယုံကြည်ချက်၊ ခံယူချက်များနှင့် သင်တန်းဆင်းပြီးနောက် မိမိတို့တာဝန်ကျရာတပ်ရင်း၊ တပ်ဖွဲ့များ၌ ဆက်လက် တာဝန်ထမ်းဆောင်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ သင်တန်းဆင်း နိုင်ငံ့သားကောင်းစစ်သည်များ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်။

 

 

 

၁။ တက်ရောက်ဖြစ်ပုံကတော့ နိုင်ငံသားတိုင်း ဒီတာဝန်ကို ထမ်းဆောင်ရမယ်လို့ ထင်လို့ပါ။ ၁၈ နှစ်ပြည့်တဲ့ ညီအစ်ကိုတိုင်းလည်း ထမ်းဆောင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီသင်တန်းမှာ ကျွန်တော်ရရှိခဲ့တဲ့ ဆုအမျိုးအစားကတော့ မိုင်းကျွမ်းကျင်ဆုပါ။ ကျွန်တော် အလွန်ပျော်ပါတယ်။ ကျွန်တော်နဲ့အတူ ကျွန်တော့်ရဲ့ မိသားစုလည်း ပျော်နေမယ်လို့ ထင်ပါတယ်။ အရပ်သားဘဝနဲ့တော့ အများကြီးကွာခြားသွားပါတယ်။ ဒီထဲရောက်မှ ကျွန်တော်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော အကုန်လုံးအစစအရာရာ ပြောင်းလဲသွားပါတယ်။ အရင်လို အရပ်သားမှာတော့ ကျွန်တော်တို့တွေ ပေါ့ပျက်ပျက်နဲ့နေခဲ့တာ တွေရှိတယ်။ ဒီမှာတော့ အဲလိုမျိုးတော့ မဟုတ်ဘူး။ အားလုံးက စည်းကမ်းနဲ့ စနစ်နဲ့ ဆရာတွေရဲ့ သွန်သင် သင်ကြားမှုတွေနဲ့ ကျွန်တော်တို့ နေထိုင်ရပါတယ်။ သင်တန်းတက်ခဲ့ရတဲ့ အတွေ့အကြုံကတော့ ဒီသင်တန်းမှာ ကျွန်တော်တို့ ပင်ပန်းတာတွေလည်းရှိတယ်။ ခက်ခဲတာတွေလည်းရှိတယ်။ ဒါပေမယ့် အဲဒါတွေက ခုလိုပြီးသွားတဲ့အချိန်မှာ ဒီလိုပါပဲ ကျွန်တော်တို့ ပြီးဆုံးသွားတာပါပဲ။ ကျွန်တော့်ကို ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်စွာအတတ်နိုင်ဆုံး ထမ်းဆောင်သွားပါမယ်လို့ ကျွန်တော်စဉ်းစားထားပါတယ်။

 

၂။​ ကျွန်တော် ဒီသင်တန်းကို တက်ရောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော် ဒီနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီတိုင်းပြည်က ချမှတ်ထားတဲ့ မူဝါဒကို ကျေပွန်အောင်ထမ်းဆောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော် သင်တန်းကိုတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ သင်ကြားပေးတဲ့ ဘာသာရပ်တွေ ကတော့ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ကြံ့ခိုင်ရေးဘာသာရပ်တွေ၊ လက်နက်ငယ်ဘာသာရပ်တွေ၊ နောက်တစ်ခုက ကျွန်တော်တို့ ဒီရှေ့တန်းစစ်မြေပြင်တွေရဲ့ နောက်တစ်ခုက နိုင်ငံတော်ကာကွယ်ရေးအတွက် အသုံးဝင်တဲ့ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်တွေ၊ စစ်မြေပြင်ဘာသာရပ်တွေကို သင်ကြားပြသ ပေးခဲ့တာပဲဖြစ်ပါတယ်။ ကျွန်တော်က အရပ်သားဘဝကနေလာတာဆိုတော့ အစပိုင်းမှာပင်ပန်းတယ်။ နောက်ပိုင်းကျတော့ ဆရာတွေ သင်ကြားပြသပေးတဲ့ လမ်းညွှန်မှုတွေကို စနစ်တကျလိုက်ပါ ဆောင်ရွက်ပြီးတော့ သေချာလေ့ကျင့်တဲ့အခါမှာတော့ အဆင်ပြေသွားပါတယ်။ ကျွန်တော်ရရှိခဲ့တဲ့ ဆုကတော့ တပ်စိတ်တိုက်နည်း ပထမဆုပဲ ဖြစ်ပါတယ်။ ဒီဆုမှာတော့ ကျွန်တော်တို့ တပ်စိတ်လိုက် ကြိုးစားမှုတွေ၊ နောက်တစ်ခုက အုပ်ချုပ်မှုတွေနဲ့ ရဲဘော်အချင်းချင်း စည်းလုံးမှုတွေကပေါ့၊ အဲဒီကြောင့်မို့လို့ ကျွန်တော်တို့ ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသွားပြီဆိုတော့ ကျွန်တော်တို့ တာဝန်ကျတဲ့ တပ်ရင်းတွေမှာ ဒီနှစ်နှစ်တာကာလကို ကျေပွန် စွာထမ်းဆောင်သွားမယ်။ ပြီးတော့ တပ်မတော်က ချမှတ်ထားတဲ့ ဥပဒေတွေကိုလည်း အကောင်း ဆုံ လိုက်နာပြီးတော့ တာဝန်ထမ်းဆောင်သွားမှာပါ။ နောက်တက်လာမယ့် ညီငယ်တွေကို ကျွန်တော်ပြောချင်တာက ဒီနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံရဲ့ချမှတ်ထားတဲ့ ဥပဒေ တွေကို အကောင်းဆုံးလိုက်နာကျင့်သုံးပြီးတော့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေကို ထမ်းဆောင်ကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဘဝမှာ မလုပ်ဖူးတဲ့ လုပ်ဆောင်ချက်တွေ၊ မသင်ကြားဖူးခဲ့တဲ့ ဘာသာရပ်တွေကို သင်ကြားခဲ့ရတာဆိုတော့ ကျွန်တော်တို့ဘဝရဲ့ အမှတ်တရတွေ အများကြီးရရှိပါတယ်။

 

ထို့နောက် ညပိုင်းတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၆)မှ နိုင်ငံ့သားကောင်းစစ်သည်များကို သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများကို သင်တန်းကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်