နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့သားကောင်းများ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲများ ကျင်းပပြုလုပ်

နေပြည်တော် ဩဂုတ် ၁၄

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ်များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲ အခမ်းအနားများကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်း ကျောင်းအသီးသီး၌ ကျင်းပသည်။

ဆုများပေးအပ်ချီးမြှင့်

အဆိုပါ သင်တန်းဆင်းပွဲများကို သင်တန်းဆင်းစစ်ရေးပြ အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး သင်တန်းသားများက နိုင်ငံတော်အလံကိုကိုင်၍ ကတိသစ္စာခံယူကြသည်။ ထို့နောက် သင်တန်းကျောင်းများအလိုက် သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းအမှာ စကားများ ပြောကြားကြပြီး သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။

သင်တန်းဆင်းပွဲ အခမ်းအနားများအပြီးတွင် သင်တန်းဆင်းပွဲများသို့ တက်ရောက်ကြသော နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းခန်းမများ၌ ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅)မှ သင်တန်းဆင်း နိုင်ငံ့သားကောင်း စစ်သည်များအား တွေ့ဆုံ အမှာစကားပြောကြားပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ်(၂၅)မှ သင်တန်းသားများကို ကြံ့ခိုင်ရေး ဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ် စသည့် ဘာသာရပ်များနှင့် အထွေထွေ ဘာသာရပ်များကို အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရသည်။

ယနေ့တွင် သင်တန်းဆင်းခဲ့ကြ သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်း စစ်သည်များသည် အဖွဲ့အစည်းဖြင့် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိခဲ့ ကြပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အဖွဲ့အစည်းစိတ်၊ ရဲဘော်ရဲဘက်စိတ်၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်လိုသည့်စိတ် အပြည့်အဝဖြင့် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့ သွားရောက်၍ ဂုဏ်ယူစွာဖြင့် တာဝန်ထမ်းဆောင် ကြတော့မည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက် ပေးလျက်ရှိပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံ့တာဝန်များကို ထမ်းဆောင် ကြရမည်ဖြစ်သည်။ ယင်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန် ဆန္ဒရှိကြသည့် နိုင်ငံ့သားကောင်း များသည် ပြည်သူ့စစ်မှုထမ်း သင်တန်းများ တက်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို ထမ်းဆောင်နေကြပြီဖြစ်သည်။

ထို့နောက် ညပိုင်းတွင် ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅)မှ နိုင်ငံ့သားကောင်းစစ်သည် များအား သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲများကို သင်တန်းကျောင်းအသီးသီး၌ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်