နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံရာတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၃၁ မေ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ အားကစားကဏ္ဍသည် ရှေးယခင်က ထိပ်တန်းအဆင့်တွင်ရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အာဆီယံ အဆင့်၌ပင် နိမ့်ကျလျက်ရှိကြောင်း၊ အားကစားသည် ချက်ချင်းဆောင်ရွက်၍မရဘဲ အချိန်ယူ၍ ဆောင်ရွက်ရကြောင်း၊ အားကစားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် အားကစားသမားများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကစားနည်းစနစ်များသာမက အားကစားကွင်းများ၊ အားကစားရုံများသည်လည်း အဆင့်အတန်းမီစွာရှိရမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားကစား ကွင်းများ၊ မိုးလုံလေလုံအားကစားရုံများနှင့် အဆင့်မီရေကူးကန်များအား ဖြည့်ဆည်း တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း၊ အားကစားကွင်းများနှင့် အားကစားရုံများ တည်ဆောက်ရာတွင်လည်း သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြင့်တည်ဆောက် ရန်လိုကြောင်း၊ အားကစားသည် ကျန်းမာရေးကိုသာမက နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ကို ပါမြှင့်တင်ပေးနိုင်ကြောင်း၊ ထို့ကြောင့် အားကစားကဏ္ဍမြှင့်တင်ပြီး နိုင်ငံ၏ ဂုဏ်ကိုမြှင့်တင်ရန်လိုကြောင်း။

 

ကရင်ပြည်နယ်သည် သာယာလှပသည့်ပြည်နယ်တစ်ခုဖြစ်ပြီး ပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်လျက်ရှိကြောင်း၊ ကရင်ပြည်နယ်၏ မျှော်မှန်း သက်တမ်းသည် မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းထက် ၂ ဒသမ ၅ နှစ်ခန့် လျော့ နည်းလျက်ရှိသဖြင့် ပြည်နယ်အတွင်းနေထိုင်ကြသသည့် တိုင်းရင်းသားပြည်သူများ အနေဖြင့် အဟာရပြည့်ဝသည့်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များပြည့်ဝစွာရရှိရန်လိုအပ်ကြောင်း၊ ထို့အပြင် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အချိုမှုန့်စားသုံးမှုများ၊ မူးယစ်ဆေးဝါးနှင့် အရက်၊ ဆေးလိပ်၊ ကွမ်းများ သုံးစွဲမှုကို တတ်နိုင်သမျှရှောင်ကျဉ်ရန်လိုအပ်ကြောင်း။

 

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်သည် ဆန်ဖူလုံမှုရှိပြီးအခြားသီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်းနှင့် အခြားနှစ်တို၊ နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးလျက်ရှိ သဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးရေးအားကောင်းသည်ကိုတွေ့ရှိရကြောင်း၊ ဒေသအ တွင်း ဝမ်းစာဖူလုံရေးအတွက် စပါးအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရန်လို ကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍ လူအများစားသုံးသည့် ကြက်၊ ဝက်၊ နွား၊ ဆိတ်နှင့် ငါးမွေးမြူရေးလုပ်ငန်းများအား တိုးတက်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လို ကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား ဒေသတွင်းအရည်အသွေးပြည့်မီသည့် ကုန်ချောများအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပါက ဒေသတွင်း စီးပွားရေး ကောင်းမွန်လာမည်ဖြစ်သည့်အပြင် ပြင်ပမှဝယ်ယူစားသုံး မှုများကို လျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ သုံးစွဲငွေလျှော့နည်းပြီး ဒေသတွင်း လူမှုစီးပွား ဘဝကို တိုးတက်စေမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ တိုးတက်မှုသည် နိုင်ငံ၏ GDPနှင့် နိုင်ငံခြားကုန်သွယ်မှုများအပေါ်တွင်မူတည်ကြောင်း၊  မိမိတို့နိုင်ငံတွင် ဘတ်ဂျက်လိုငွေ များပြားမှုကြောင့် ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းပြည်စာရင်းတွင် ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသတွင်းလူမှုစီးပွားဘဝတိုးတက် အောင်ဆောင်ရွက်ပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း။

 

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားရရှိမှု၊ ပို့ဆောင်ရေး စနစ်ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်မှုနှင့် လူသားအရင်းအမြစ် ပေါကြွယ်ဝမှုများသည် အဓိကအရေးကြီးကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့်ပတ်သက်၍ ပြည်နယ်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် ရေအရင်းမြစ်များ ရှိပြီးဖြစ်ကြောင်း၊ သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ်စက်ရုံမျိုးသည် ကရင်ပြည်နယ်ကို အထောက်အကူ ပြုမည်ဖြစ်သဖြင့် ဆောင်ရွက်သင့်ကြောင်း၊ အကြောင်းအမျိုးမျိုးပြ၍ ကန့်ကွက်နေသူများကို နားလည်စေလိုကြောင်း၊ အဆိုပါ ရေအရင်းအမြစ်များမှ အသုံးချ၍ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖူလုံစွာ ရရှိအောင်ဆောင်ရွက်နိုင်ခြင်းဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုဆောင်ရွက်ရသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက် လည်ပတ်ဆောင်ရွက်နိုင်မည့်အပြင် ဒေသခံ ပြည်သူများ၏ လူနေမှုအဆင့်အတန်းလည်း မြင့်မားလာမည်ဖြစ်ကြောင်း။

 

ပညာရည် မြင့်မားရေးနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ကရင်ပြည်နယ်အတွင်း ၅ နှစ်နှင့်အထက် ကျောင်းမနေဘူးသူ ဦးရေသည် ပြည်နယ်လူဦးရေ၏  ၂၀ ရာခိုင်နှုန်းရှိသဖြင့် ပြည်နယ်အတွင်း ပညာရေးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံရှိလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများ ဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် အဓိက အထောက်အကူပြုနိုင်သည့် စိုက်ပျိုးမွေးမြူရေး ပညာရပ်များသင်ကြားနိုင်ရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံများ ဖွင့်လှစ်သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊  COVID-19 ဖြစ်ပွားစဉ် ကာလအတွင်း တစ်နှစ်တာကာလ ကျောင်းများ ပိတ်ထားခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားမှု တစ်နှစ်နောက်ကျခဲ့ရသဖြင့် ကျောင်းသား၊ မိဘများ နှင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုအချိန်တွင် မိမိတို့ နိုင်ငံ၌ COVID-19 ရောဂါကူးစက်မှု အတိုင်းအတာတစ်ခုအထိ လျော့ကျလာပြီ ဖြစ်သဖြင့် ကျောင်းများပြန် လည်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် မသမာသူများအနေဖြင့် ပညာရေးစနစ်ကို အနှောင့်အယှက်ဖြစ်စေရေး ကျောင်းများမဖွင့်လှစ်ဖြစ်အောင် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးနှင့်ပတ်သက်၍ နည်းမျိုးစုံဖြင့် နှောင့်ယှက်နေမှုများ အပေါ် တာဝန်ရှိသူများအနေဖြင့် နားလည်အောင်ရှင်းလင်းပြောကြား၍ ပညာရေးကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံနှင့်ပြည်သူလူထုမှ လိုလားသည့်  ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်သင့်လုပ်ထိုက် သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားသည်။

 

သတင်းစဉ်