နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၇/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား 

နေပြည်တော်၊ ၂၀ မေ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် မြို့နယ်များသို့ ကွင်းဆင်းဆောင်ရွက်မှုများ ရှိသည်ကိုသိရှိရသဖြင့် ကောင်းမွန်သည့် ဆောင်ရွက်ချက်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မူဝါဒကိုသာ ချမှတ်ပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင်အထည်ဖော်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်းကြောင့် သက်ဆိုင်ရာဌာနအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့အကျိုးအတွက် ဝန်ကြီး ဌာနများ အချင်းချင်းလည်း တိုင်ပင်ညှိနှိုင်းဆွေးနွေး အကြံပြုဆောင်ရွက် ကြရန်လိုကြောင်း။

 

မြေပြင်ကွင်းဆင်း ဆောင်ရွက်ချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်/မြို့နယ်များအလိုက် မဲစာရင်းစိစစ်တွေ့ရှိမှုများနှင့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့သည့် မဲစာရင်းအခြေအနေ များအား ဌာနဆိုင်ရာ ဝန်ထမ်းများသိရှိအောင် ပြောကြားဆောင်ရွက်နေရန်လိုကြောင်း၊ မိမိတို့အနေဖြင့် ဒီမိုကရေစီကိုတန်ဖိုးထားပြီး စစ်မှန်ရိုးသားသည့် ဒီမိုကရေစီ ဖြစ်စေချင်သော်လည်း ယခင်ပြီးခဲ့သည့်အထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီကို မရိုးမသား ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကို နိုင်ငံ့ဝန်ထမ်းများအားလုံး နားလည်သိရှိရန်လိုကြောင်း၊ အလားတူ နိုင်ငံ့ဝန်ထမ်းများ စည်းကမ်း တကျဆောင်ရွက်စေရန်နှင့် ရုံးလုပ်ငန်းများစနစ်တကျရှိစေရေး ဝန်ကြီးဌာနများအလိုက် ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်နေရန်လိုကြောင်း။

 

ပြည်တွင်းစက်မှုလုပ်ငန်းများ အားပေးဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းချစ်၊ ပြည်ချစ် စိတ်ဖြင့် ပြည်တွင်းဖြစ်ကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ် မှုလုပ်ငန်းများနှင့် ပြည်တွင်းစီးပွားရေးကိုထိခိုက်စေနိုင်သည့် ကုန်သွယ်မှုများကို ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ အထက်ပိုင်း မန္တလေးတိုင်းဒေသကြီးနှင့် အညာဒေသများတွင် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပမာအားဖြင့် ပုဆိုး၊ စောင်၊ ခြင်ထောင် ယက်လုပ်ခြင်းဖြစ်ကြောင်း၊ အထည်ချုပ် လုပ်ငန်းများအတွက် လိုအပ်သည့် အချို့ချည်များအား ပြည်ပနိုင်ငံများမှ တင်သွင်း အသုံးပြုလျက်ရှိသည်ကိုသိရှိရ ကြောင်း၊ ချည်ထုတ်လုပ်ရေးအတွက် လိုအပ်သော ဝါစိုက်ပျိုး မှုလုပ်ငန်းအတွက် လိုအပ်သည့် မြေ၊ ရေနှင့် မျိုးကောင်းမွန်စေရန်အတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်ပြီး ကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွက် လိုအပ်သည့် အဝတ်အထည်များအား ပြည်တွင်း စက်ရုံများမှထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ လက်တလောရပ်ဆိုင်းထားသည့် နိုင်ငံတော်ပိုင်အထည်ချုပ်စက်ရုံများနှင့် ဝါကြိတ်စက်ရုံများ ပြန်လည်လည်ပတ်၍ အဝတ် အထည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို တစ်ဖက် တစ်လမ်းမှလျှော့ချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်း ဆေးဝါးထုတ်လုပ် မှုလုပ်ငန်းများမှ ပြည်တွင်း၌အသုံးများသည့် ဆေးဝါးများ လုံလောက်အောင် ထုတ်လုပ်၍ ပြည်ပမှဆေးတင်သွင်းမှုများအား လျှော့ချနိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများ ကိုလျှော့ချရန် လိုကြောင်း၊ ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများသာမက အခြားဝန်ကြီးဌာနများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်လိုကြောင်း။

 

မိမိတို့နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်သဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးသည်အဓိကကျကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုး မွေးမြူရေးနိုင်ငံဖြစ်ပြီး ကျေးလက်စီးပွားရေးလုပ်ငန်းသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးတက်အောင် ခေတ်မီနည်းပညာများအသုံးပြု ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

သတင်းစဉ်