နိုင်ငံတော် ရွှေသီးဖို့ ဆန်စပါး တန်ဖိုးကွင်းဆက်တစ်လျှောက် ကုန်သွယ်မှု အကျိုးအမြတ်အား မြှင့်တင်စို့

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးသည် နိုင်ငံ့စီးပွားရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက်သာမက နိုင်ငံခြားဝင်ငွေရှာဖွေပေးရာတွင်လည်း အဓိက အခန်းကဏ္ဍမှ ပါဝင်နေသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ စုစုပေါင်း မက်ထရစ်တန်ချိန် ၂၉ ဒသမ ၈၉ သန်းရှိပြီး နိုင်ငံခြားသို့ ဆန်နှင့်ဆန်ကွဲ ကုန်သွယ်နိုင်မှု မက်ထရစ်တန် ၂ ဒသမ ၄၉ သန်းကျော် ရှိခဲ့ပါသည်။

နိုင်ငံပေါင်း ၅၅ နိုင်ငံသို့ တင်ပို့နိုင်၍ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ ကျော် အထိလည်း ရရှိခဲ့သည်။ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲ အဓိကတင်ပို့သည့် နိုင်ငံများမှာ ဥရောပ နိုင်ငံများ၊ အာဖရိကနိုင်ငံများနှင့် အာရှမှ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါသည်။

ဆန်စပါးမှရရှိသော အရည်အသွေးမြင့် ထွက်ကုန်ပစ္စည်းအများစုကို ပြည်တွင်း၌ ရောင်းချသော်လည်း ဓာတုဓာတ်ကြွင်းပါဝင်မှုနည်းသော နိုင်ငံတကာစံချိန်စံညွှန်းမီ ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ပြည်တွင်း ဈေးကွက်တွင် အရည်အသွေးနိမ့်ဆန်ကွဲကို ဆန်မှုန့် ကဲ့သို့သော အစားအစာတွင် ပါဝင်ပစ္စည်းများအဖြစ် ရောင်းချပြီး အနိမ့်ဆုံးအဆင့် “ပွိုင့်” ကို မွေးမြူရေး တိရစ္ဆာန်အစာအဖြစ် ရောင်းချကြသည်။ ဖွဲနုကို တိရစ္ဆာန်အစာအတွက် အဓိကရောင်းချပြီး ယခုအခါ ဖွဲနုမှ ဆီထုတ်လုပ်၍ စားသုံးဆီအဖြစ်လည်း ရောင်းချနေပါသည်။ စပါးခွံကို ဈေးသက်သာသော လောင်စာ အရင်းအမြစ်အဖြစ်လည်း သုံးစွဲကြသည်။

ထို့ကြောင့် လယ်ယာကဏ္ဍတွင် ဆန်စပါး စိုက်ပျိုးသူတောင်သူများ၏ ထုတ်လုပ်မှုနှင့် အကျိုး အမြတ်ကို မြှင့်တင်ရန်အတွက် နည်းပညာနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးနေရုံမကဘဲ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ခေတ်မီသော ထုတ်လုပ်မှုစနစ် ဖြစ်ထွန်းလာစေရန် ဆန်စပါးတန်ဖိုးကွင်းဆက် တစ်လျှောက်ရှိ လုပ်ငန်းဆောင်ရွက်ချက်များ ပိုမိုထိရောက်စေရန် ပံ့ပိုးမြှင့်တင်ပေးရန် လိုအပ် ပါသည်။ ထို့အတူ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်များအတွက် ဆန်စပါးဈေးကွက် တည်ငြိမ်လာစေရန်နှင့် ဆန်စပါးထုတ်လုပ်မှု စွမ်းအားတို့ကို မြှင့်တင်ပေးရန် ဆန်စပါးတန်ဖိုး ကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူများ၏ အကျိုးအမြတ်ရရှိမှု အခြေအနေအပေါ် မူတည်၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါသည်။

နေပြည်တော်အတွင်း ဆန်စပါးတန်ဖိုး ကွင်းဆက်တစ်လျှောက် ရောင်းဝယ်ဖောက်ကား နေသူများ၏ အကျိုးအမြတ် ပြန်ရချက်များကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များကို ဖော်ထုတ်နိုင်ရန် ၂၀၂၄ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်း လယ်ဝေး၊ တပ်ကုန်း၊ ပျဉ်းမနား၊ ပုဗ္ဗသီရိနှင့် ဇေယျာသီရိမြို့နယ်တို့ရှိ စပါးစိုက်ပျိုးသူတောင်သူ ၁၈၀၊ စပါးပွဲစား၊ ဆန်စက်လုပ်ငန်းရှင်၊ ဆန်ပွဲရုံ၊ ဆန်လက်ကားရောင်းချသူနှင့် ဆန်လက်လီ ရောင်းချသူ ၁၀ ဦးစီ၊ ပြည်ပသို့ ဆန်တင်ပို့ရောင်းချ သူ ၁၆ ဦးတို့ကို ရည်ရွယ်ချက်နှင့် လိုက်လျော ညီထွေဖြစ်မည့် နမူနာကောက်ယူမှုနည်းလမ်းနှင့် ကျပန်းနမူနာ ကောက်ယူမှုနည်းလမ်းတို့ဖြင့် စစ်တမ်းကောက်ယူခဲ့ပါသည်။

နမူနာတောင်သူများသည် ပြည်တွင်းဈေးကွက်တွင် ရောင်းချသော ဆင်းသုခ၊ မနောသုခ၊ ဧရာမင်း၊ မဂျမ်းတော၊ သုခ - ၁၊ ရွှေဝါဝင်း၊ ရွှေဝါမွှေး၊ ဘက်စမာတီ (Basmati)၊ ဧရာပဒေသာ၊ ပေါ်ဆန်း နှင့် ရွှေသွယ်ရင် စသည့်ဆန်စပါးမျိုး ၁၁ မျိုး၊ ပြည်ပ ဈေးကွက်တွင် ရောင်းချသော ထိုင်းနှံကောက်၊ ဗျော့ထွန်း၊ GW-11၊ ရက်-၉၀၊ ဗျော့သုခ၊ ရတနာတိုးနှင့် ပုလဲသွယ်စသည့် ဆန်စပါးမျိုး ခုနစ်မျိုးတို့ကို စိုက်ပျိုးခဲ့ပါသည်။ ယင်းစပါးမျိုးတို့အနက် အထွက်နှုန်းမြင့်မားပြီး ဈေးကွက်ခိုင်မာမှုရှိကာ အရည်အသွေးကောင်းမွန်သည့် ထိုင်းနှံကောက်၊ ဆင်းသုခ၊ မနောသုခ၊ GW-11၊ ဧရာမင်းနှင့် ဗျော့ထွန်း စသည့်စပါးမျိုးများကို တောင်သူအများစုက ကြိုက်နှစ်သက်ကြပြီး ပိုမိုစိုက်ပျိုးကြကြောင်း တွေ့ရှိရသည်။

ပြည်တွင်းဈေးကွက်တွင် စပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူမှ နောက်ဆုံးစားသုံးသူထံသို့ ရောက်ရှိသည်အထိလည်းကောင်း၊ ပြည်ပဈေးကွက်တွင်လည်း စပါးစိုက်ပျိုးသူ တောင်သူမှ နောက်ဆုံး ပြည်ပသို့ တင်ပို့ရောင်းသူထံသို့ ရောက်ရှိသည်အထိ လည်းကောင်း ဆန်စပါးတန်ဖိုး ကွင်းဆက် တစ်လျှောက်ရှိ ပါဝင်ပတ်သက်သူများ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များကို ဆန်းစစ်ဖော်ထုတ်နိုင်ခဲ့ပါသည်။

တောင်သူများ၏ စပါးစိုက်ပျိုးထုတ်လုပ်ရာတွင် အဓိက ကုန်ကျစရိတ်များမှာ မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မှုလယ်ယာစရိတ် (ထွန်ယက်ခ၊ ရိတ်သိမ်းခ)နှင့် လုပ်အားခများဖြစ်ကာ စိုက်ပျိုး စရိတ်မှာ သွင်းအားစုစရိတ်နှင့် စက်သုံးဆီဈေးနှုန်းအပေါ် အဓိက မူတည်လျက်ရှိပါသည်။ အခြား တစ်ဖက်၌ အကျိုးအမြတ်ရရှိမှုမှာ ရာသီဥတု၊ အထွက်နှုန်းနှင့် ဈေးကွက်ပေါက်ဈေးများပေါ်တွင် လည်း မူတည်နေပါသည်။

စပါးပွဲစားများသည် စပါးရောင်းလိုသော တောင်သူများနှင့် စပါးဝယ်လိုသော ဆန်စက်ပိုင်ရှင်၊ ကုန်သည်များကို အချိန်ကိုက် ဈေးကွက်ချိတ်ဆက် ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လုပ်ဆောင် ပေးကာ ယင်းတို့၏ ဝန်ဆောင်မှုနှင့် ကြားခံဆောင်ရွက်ပေးမှုအတွက် ကော်မရှင်ခ သို့မဟုတ် ပွဲခ ရရှိပါသည်။

ဆန်စက်ပိုင်ရှင်များအနေဖြင့် စပါးကို ကြိတ်ခွဲရာတွင် အဓိကကုန်ကျစရိတ်များမှာ စပါးဝယ်ယူ စရိတ်၊ ကြိတ်ခွဲခ (လျှပ်စစ်/ စက်သုံးဆီ)၊ လုပ်သားခ၊ သယ်ယူပို့ဆောင်ခနှင့် အိတ်ခွံဖိုးများဖြစ်သည်။ အကျိုးအမြတ်အနေဖြင့် စပါးကို ဆန်အဖြစ် ကြိတ်ခွဲမှုမှလည်းကောင်း၊ ဖွဲနုနှင့် ဆန်ကွဲကဲ့သို့သော ဘေးထွက်ကုန်ပစ္စည်းများမှ လည်းကောင်း ရရှိကြသည်။ ခေတ်မီဆန်စက်များသည် ကြိတ်ခွဲခြင်း လုပ်ငန်းစဉ်အတွင်း လေလွင့်ဆုံးရှုံးမှု နည်းပါးသဖြင့် အမြတ်အစွန်း ပိုမိုရရှိကြကြောင်း သိရှိရသည်။

ပြည်တွင်း ဆန်ကုန်သည်များအတွက် ကုန်ကျစရိတ်မှာ သိုလှောင်ရုံခ၊ သယ်ယူပို့ဆောင်ခ၊ လေလွင့် မှုနှင့် အရောင်းသွက်စေရန် အရည်အသွေးအလိုက် ပြန်လည်အဆင့်မြှင့်တင်ခများဖြစ်သည်။ အကျိုး အမြတ်ရရှိမှုမှာ ဈေးကွက်ဝယ်လိုအားနှင့် ရောင်းဝယ်အားအပေါ်သော် လည်းကောင်း၊ ဈေးနှုန်း အတက်အကျပေါ်တွင်သော်လည်းကောင်း မူတည်ပါသည်။ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုမှ နောက်ဆုံးစားသုံးသူထံ ရောက်ရှိသည်အထိ အဆင့်ဆင့် ချိတ်ဆက်ပေးသောကြောင့် ပြည်တွင်း ဆန်ကုန်သည်များသည် ပြည်တွင်းဆန်စပါး တန်ဖိုးကွင်းဆက်တစ်လျှောက် နောက်ဆုံး ကွင်းဆက်တစ်ခုဖြစ်သည်။

ဆန်စပါးတန်ဖိုးကွင်းဆက်ရှိ ပြည်ပတင်ပို့ သူများအနေဖြင့် ရိုးရိုးသာမန် ကုန်သည်များကဲ့သို့ ‘‘ဝယ်-ရောင်း’’ လုပ်ရုံမျှမကဘဲ တန်ဖိုးကွင်းဆက် တစ်ခုလုံး၏ အရည်အသွေးကို မြှင့်တင်ပေးရသည်။ ဆန်စက်များမှ ဝယ်ယူလာသော ဆန်များကို တန်ဖိုး မြှင့်ပြုပြင်ထုတ်လုပ်ခြင်း၊ နိုင်ငံတကာ သတ်မှတ် အရည်အသွေးစံချိန်စံညွှန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်း၊ စနစ်တကျ ထုပ်ပိုးခြင်းနှင့် အမှတ် တံဆိပ်ရိုက်နှိပ်ခြင်း၊ ကမ္ဘာ့ဆန်ဈေးကွက်နှင့် ချိတ်ဆက်ခြင်းနှင့် ဝယ်ယူမည့်နိုင်ငံများသို့ အချိန်မီရောက်ရှိစေရန် ပြင်ဆင်ပို့ဆောင်ပေးခြင်း စသော လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများနှင့် ချိတ်ဆက်ဆောင်ရွက်ရပါသည်။

အကျိုးအမြတ်ရရှိမှုမှာ ဆန်စက်များမှ ဝယ်ယူရရှိသော ဆန်ပေါက်ဈေးနှင့် အရည်အသွေးမြင့် ဆန်နှင့်ဆန်ကွဲကို ပြည်ပသို့ ရောင်းချရသော ဈေးနှုန်းတို့အကြား ကွာဟချက်အပေါ် မူတည်သည်။ ထို့အပြင် ဆန်ကို ပို့ကုန်အဆင့်မီအောင် ထပ်မံပြုပြင်သည့် လုပ်ငန်းစဉ်တွင် ထွက်ရှိလာသော အရည်အသွေးနိမ့် ဆန်ကွဲနှင့် ဖွဲနုများကို ပြည်တွင်းတိရစ္ဆာန်အစာစက်ရုံများ သို့မဟုတ် အရက်ချက်စက်ရုံများသို့ ပြန်လည်ရောင်းချခြင်းဖြင့်လည်း အပိုဝင်ငွေနှင့် အကျိုးအမြတ်ကို ရရှိကြကြောင်း သိရှိရသည်။

ဆန်စပါးတန်ဖိုး ကွင်းဆက်တစ်လျှောက် လုပ်ငန်းစဉ်များ၏ ကုန်ကျစရိတ်များနှင့် အကျိုး အမြတ်များကို နှိုင်းယှဉ်ရာတွင် ရာခိုင်နှုန်းအားဖြင့် ပြည်တွင်းဈေးကွက်တွင် အစွန်းထွက်တန်ဖိုး အများဆုံးရရှိသူများမှာ စပါးစိုက်ပျိုးသူ တောင်သူများဖြစ်သည်။ ယင်းနောက်တွင် ဆန်လက်ကား ရောင်းချသူ၊ ပွဲစား၊ ဆန်စက်လုပ်ငန်းရှင်နှင့် ဆန် လက်လီရောင်းချသူများက အသီးသီးရရှိကြကြောင်း တွေ့ရှိရသည်။

ထို့အတူ ပြည်ပဈေးကွက်တွင်လည်း ရာခိုင်နှုန်းအားဖြင့် အစွန်းထွက်တန်ဖိုး အများဆုံးရရှိသူ များမှာ စပါးစိုက်ပျိုးသူ တောင်သူများပင်ဖြစ်ပြီး ယင်းနောက်တွင် ဆန်တင်ပို့ရောင်းချသူ၊ ဆန်စက် လုပ်ငန်းရှင်နှင့် ပွဲစားများက အသီးသီး ရရှိကြကြောင်းကိုလည်း တွေ့ရှိရသည်။ ပြည်တွင်း၊ ပြည်ပ ဈေးကွက်များ၏ အစွန်းထွက်တန်ဖိုး၊ ရောင်းဝယ်မှု ကုန်ကျစရိတ်များနှင့် အကျိုးအမြတ်များ နှိုင်းယှဉ် လေ့လာမှုကို ပုံ (၁)တွင် ဖော်ပြထားပါသည်။

တောင်သူများသည် ပြည်တွင်း၊ ပြည်ပ ဈေးကွက်နှစ်ခုလုံးရှိ ဆန်စပါး တန်ဖိုးကွင်း ဆက်တစ်လျှောက်တွင် အစွန်းထွက်တန်ဖိုး အများ ဆုံးရရှိကြသော်လည်း စိုက်ပျိုးထုတ်လုပ် ရောင်းချ မှုဖြစ်စဉ် တစ်လျှောက်တွင် ဆုံးရှုံးနိုင်ခြေကို အများဆုံး ရင်ဆိုင်ရသူများလည်း ဖြစ်ပါသည်။ သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတွင် အထွက်နှုန်း တိုးမြှင့်စေရန် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်တို့ ပြည့်စုံကောင်းမွန်စွာ ရရှိပြီး ရာသီဥတု မျှတမှုရှိရန်လည်း လိုအပ်ပါသည်။ အထူးသဖြင့် ကြိုတင်ခန့်မှန်းရခက်ခဲသော ရာသီ ဥတုပြောင်းလဲမှုများသည် တောင်သူများကို အဓိက စိန်ခေါ်နေသောအချက် ဖြစ်ပါသည်။

ပြည်တွင်း၊ ပြည်ပ ဈေးကွက်နှစ်ခုမှ တောင်သူများ၏ အစွန်းထွက်တန်ဖိုး၊ ကုန်ကျစရိတ်များနှင့် အကျိုးအမြတ်များကို နှိုင်းယှဉ်လေ့လာရာတွင် ပြည်တွင်းဈေးကွက်မှ အစွန်းထွက်တန်ဖိုး ၆၅ ဒသမ ၃ ရာခိုင်နှုန်း၊ ကုန်ကျစရိတ် ၃၄ ဒသမ ၀၅ ရာခိုင်နှုန်းနှင့် အကျိုးအမြတ်ရရှိမှု ရာခိုင်နှုန်းမှာ ၃၁ ဒသမ ၁၈ ရာခိုင်နှုန်း ဖြစ်ပါသည်။ ပြည်ပဈေးကွက်မှ အစွန်းထွက်တန်ဖိုး ၆၁ ဒသမ ၇၇ ရာခိုင်နှုန်း၊ ကုန်ကျစရိတ် ၂၉ ဒသမ ၁၈ ရာခိုင်နှုန်း နှင့် အကျိုးအမြတ် ၃၂ ဒသမ ၅၉ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း တွေ့ရှိရသည်။ အဆိုပါဈေးကွက်နှစ်ခု ကို နှိုင်းယှဉ်ကြည့်ရာတွင် တောင်သူများအတွက် ပြည်တွင်းဈေးကွက်သည် အစွန်းထွက်တန်ဖိုး ရာခိုင်နှုန်း မြင့်မားသော်လည်း ကုန်ကျစရိတ် ရာခိုင် နှုန်း ပိုမိုများပြားသည့်အတွက် အကျိုးအမြတ်ရရှိမှုတွင် ပြည်ပဈေးကွက်ထက် ရာခိုင်နှုန်း နည်းပါး နေကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ပြည်ပဈေးကွက်သည် တောင်သူများအတွက် အကျိုးအမြတ်ရရှိမှုရာခိုင်နှုန်း ပိုမို သောကြောင့် ပြည်ပဈေးကွက်ဝင် ဆန်စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပ ဈေးကွက်ကို ချဲ့ထွင်တိုးမြှင့်သင့်ပါသည်။

စပါးစိုက်ပျိုးသူ တောင်သူများအနေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝမြင့်မားစေရန် ပြည်တွင်း ဈေးကွက်ဝင် စားသုံးသူများ ကြိုက်နှစ်သက်မည့် ဆန်စပါးမျိုးများကို စိုက်ပျိုးထုတ်လုပ်ရုံမျှမက ပြည်ပဈေးကွက်ဝင် ဆန်စပါးမျိုးများကိုလည်း တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ပါသည်။

ဆန်စပါးကဏ္ဍနှင့် ဆက်စပ်နေသော အဖွဲ့ အစည်းများမှလည်း ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန် အထွက်နှုန်းမြင့်မားပြီး အကျိုးအမြတ် ပိုမိုရရှိနိုင်သော ရာသီဥတုဒဏ်ခံနိုင်သည့် စပါး မျိုးများကို ဖြန့်ဖြူးပေးခြင်း၊ စပါးစိုက်ပျိုးထုတ်လုပ် စဉ် ကာလအတွင်း လိုအပ်သော အထောက်အပံ့ များနှင့် အခြေခံအဆောက်အအုံများ တိုးမြှင့်ဖော် ဆောင်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရန် လိုအပ် ပါသည်။ ထို့အပြင် ပြည်ပဈေးကွက်သို့ တင်ပို့ ရောင်းချမည့် အရည်အသွေးပြည့်မီသည့် ဆန်စပါး များ စိုက်ပျိုးထုတ်လုပ်နိုင်ရန် သီးခြားသတ်မှတ်ထားသော စိုက်ပျိုးရေးဇုန်များ၊ ဆန်စက်များနှင့် ဆက်စပ်သည့် အထောက်အပံ့ပစ္စည်းများကို ပံ့ပိုးပေးခြင်း စသည်တို့ကိုလည်း ဆောင်ရွက်ပေးသင့် ပါသည်။

သို့ဖြစ်၍ နိုင်ငံတော်အနေဖြင့် ပြည်ပဈေးကွက်ဝင် ဆန်စပါးမျိုးများ တိုးချဲ့စိုက်ပျိုးမှုကို အားပေး ခြင်းနှင့် နိုင်ငံတကာသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရောင်းချမှုဈေးကွက် တိုးချဲ့ပေးခြင်းတို့ကို လုပ်ဆောင် ပေးခြင်းဖြင့် ဆန်စပါးစိုက်ပျိုးသူတောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာရုံသာမက နိုင်ငံ ခြားငွေရရှိမှု မြင့်တက်လာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးကိုလည်း တိုးတက်ကောင်းမွန်စေမည် ဖြစ်ပါ သည်။ နိုင်ငံတော်မှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ် လုပ်မှု အားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်၏ အဓိကပို့ကုန်သီးနှံဖြစ်သည့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကို မြှင့်တင်ခြင်းနှင့် ပြည်ပဈေးကွက်ချဲ့ထွင်တိုးမြှင့်ခြင်း စသည်တို့ကို အားပေး ဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။          ။