နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ရှိရန်လိုသည်။ လက်ရှိ အခြေအနေတွင် ပြည်တွင်းရှိ ဒေသအများ အပြားတွင် ဖြစ်ပေါ်လျက်ရှိသည့် မတည်မငြိမ်မှုများနှင့် အကြမ်းဖက် အဖျက်လုပ်ရပ်များကြောင့် နိုင်ငံ၏ကုန်ထုတ်လုပ်ငန်းများကို ထိခိုက်စေပြီး နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးစေသည်။
“နိုင်ငံရေးအရ မတည်ငြိမ်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များကြောင့် လုံခြုံရေးထိခိုက်လာကာ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းလာစေခြင်းဖြစ် ကြောင်း၊ အကြမ်းဖက်လက်နက်ကိုင်များ၏ လုပ်ရပ်များကြောင့် လမ်းတံတားနှင့် အခြားအခြေခံ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် နိုင်ငံတော်မှ ဘဏ္ဍာငွေများ၊ လူ့စွမ်းအားနှင့် အချိန်များကို ထပ်မံအသုံးပြုရခြင်းကြောင့် မူလရည်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း” ဟူ၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအား လိုအပ်သည်များ လမ်းညွှန်မှာကြားရာတွင် ပြောကြားခဲ့သည်။
နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတို့တွင် မတည်ငြိမ်မှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာသော လုံခြုံမှုမရှိသည့် အခြေအနေများက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများကို များစွာ ထိခိုက်စေသည်။ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ပစ္စည်းထုတ်လုပ်ရေး၊ ရောင်းဝယ်ဖောက်ကားရေး၊ ကူးသန်းသွားလာရေး စသည်တို့အပေါ် တိုက်ရိုက်ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ် စေသည်။ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံမှုရှိသည့် အခြေအနေများတွင်သာ ဖွံ့ဖြိုးတိုးတက် နိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းများသည်လည်း ဒေသတည်ငြိမ်အေးချမ်းမှုမရှိသည့်အခါတွင် ရပ်ဆိုင်း သွားကြရပြီး တစ်ခုနှင့်တစ်ခု ဆက်စပ်ဖြစ်ပေါ်နေသည့် ဒေသ၏စီးပွားရေး ဂေဟစနစ်မှာ ပျက်စီး သွားရသည်။
အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များက ဒေသတည်ငြိမ် အေးချမ်းမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုကိုရော နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပျက်စီးဆုံးရှုံးစေသည်။ နိုင်ငံတစ်ဝန်းလုံး တွင် ငွေကုန်ကြေးကျခံကာ အချိန်ယူ တည်ဆောက်ထားခဲ့ရသည့် လမ်းတံတားများနှင့် အခြေခံ အဆောက်အအုံများစွာတို့မှာ အကြမ်းဖက် အဖျက်သမားတို့၏ လက်ချက်ဖြင့် မိနစ်ပိုင်းအတွင်း ပျက်စီးခဲ့ကြရာ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အရေးများစွာတို့အတွက် ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေသည်။ နိုင်ငံတော်အဖို့လည်း အဆိုပါ ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင် တည်ဆောက်ရခြင်းကြောင့် ဘဏ္ဍာငွေ၊ လူ့စွမ်းအားနှင့် အချိန် ကဲ့သို့သော အဖိုးတန် အရင်းအမြစ်များကို တည်ဆောက်မှု အသစ်များအတွက် သုံးစွဲမှုမပြုနိုင်တော့ဘဲ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးမှု ဖြစ်စေသည်။
“အဆိုပါ အခြေအနေသည် ‘သမင်မွေးရင်း ကျားစားရင်း’ ဖြစ်နေသကဲ့သို့ တည်ဆောက်ခြင်း၊ ဖျက်ဆီး ခံရခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စသည်ဖြင့် လည်ပတ်နေရသဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအပေါ် များစွာထိခိုက်နှောင့်နှေးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက် နိုင်ရန် အကန့်အသတ်များ ဖြစ်ပေါ်လျက်ရှိကြောင်း” နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ နိုင်ငံ မတည်ငြိမ်မှုများက နိုင်ငံ၏ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုများကို ထိခိုက်စေသလို လမ်းတံတား အခြေခံအဆောက်အအုံများ တိုးတက်ဖြစ်ပေါ်မှုအပေါ်တွင်လည်း နှောင့်နှေးကြန့်ကြာ စေခြင်းပင် ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ မြင့်မားကောင်းမွန်ရေးတို့အပေါ် ထိခိုက်နစ်နာ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေခြင်းဖြစ်သည်။
အချက်အချာ တည်နေရာ၊ သယံဇာတအရင်းအမြစ်များ ပိုင်ဆိုင်မှုစသည်တို့အရ အလားအလာကောင်း များစွာ ရှိနေသည့် မိမိတို့၏နိုင်ငံမှာ နိုင်ငံသားတစ်ဦးချင်း အသားတင်ထုတ်လုပ်မှုတန်ဖိုးအရ ဒေသတွင်း နိုင်ငံများတွင် အနိမ့်ဆုံးသို့ ရောက်ရှိနေရခြင်းမှာ နိုင်ငံရေး မတည်ငြိမ်မှုနှင့် ပြည်တွင်း အကြမ်းဖက် သောင်းကျန်းမှုများကြောင့် ပင်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းမည် ဆိုပါက ပြည်တွင်းတည်ငြိမ်အေးချမ်းမှုနှင့် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းမှုတို့မှာ မရှိမဖြစ် လိုအပ်ချက်များပင် ဖြစ်သည်။ ပြည်တွင်း၌ ရှိနေကြသည့် မြန်မာနိုင်ငံသား၊ တိုင်းရင်းသား ပြည်သူများ အားလုံးတို့၏ ပကတိရိုးသားသည့် တူညီသောဆန္ဒများမှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုးသာယာဝပြောရေးပင်ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် ပြည်သူတစ်ရပ်လုံး စည်းလုံး ညီညွတ်စွာ အတူတကွ ဆောင်ရွက်ကြရပါမည့်အကြောင်း။


