နိုင်ငံသားကောင်းမှ နိုင်ငံကောင်းမည်

ခင်လေး(ပြည်ထောင်စုနယ်မြေ)

ချစ်လှစွာသော မြန်မာမလေးရေ….

သမီးတို့ ပညာရေးကောလိပ်နောက်ဆုံးနှစ် သင်တန်းသူ ဆရာမလောင်းလေးတွေ မေးထားတဲ့မေးခွန်းလေးတွေနဲ့ပတ်သက်ပြီး တီလေးလေ့လာသိမြင်ရသလောက် ဖြေပေးလိုက်မယ်နော်။

အရင်ဦးဆုံးအနေနဲ့ စွမ်းအားနဲ့ စွမ်းအင်ရဲ့ အဓိပ္ပာယ်ကို တိတိကျကျပြောကြမယ်။ စွမ်းအင်က Energy ၊ စွမ်းအားက Power ၊ စွမ်းအင် ဆိုတာက အလုပ်တစ်ခုကို လုပ်ဆောင်နိုင်တဲ့စွမ်းရည်(Ability to do work)၊ စွမ်းအားဆိုတာက စွမ်းအင်ကိုအသုံးပြုတဲ့နှုန်း ဒါမှမဟုတ် အလုပ်လုပ်ဆောင်တဲ့အရှိန်နှုန်း (Rate of doing work)ပေါ့ကွယ်။

ခေတ်မီနည်းပညာနဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် စွမ်းအင်ကို စနစ်တကျသိုလှောင်ခြင်းနဲ့ စွမ်းအားကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ သိပ်ကိုအရေးကြီးတယ် မဟုတ်လား။  သမီးတို့သိချင်တဲ့ “ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်” ဆိုတာကတော့ သဘာဝအလျောက် မကုန်ခန်းနိုင်ဘဲ ဆက်တိုက်ပြန်လည်ရရှိနိုင်တဲ့စွမ်းအင်ကို ခေါ်တာဖြစ်တယ်။

ဥပမာအနေနဲ့ပြောရရင်တော့ Solar လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်တို့၊ (Wind) လေစွမ်းအင်၊ (Hydro)ရေအားလျှပ်စစ်နဲ့ နောက်တစ်မျိုးက(Biomass) ဇီဝဒြပ်ထုစွမ်းအင်တို့ပေါ့သမီးရယ်။ အခုဆိုရင် Smart Meter တွေကိုအသုံးပြုလာတော့၊ မီတာဖတ်သူတွေက လူကိုယ်တိုင်ရောက်လာဖို့ မလိုအပ်တော့ဘဲ မီတာခပမာဏနဲ့ သုံးစွဲမှုကိုအချိန်စေ့ တိုင်းတာနိုင်တယ်။ နောက်တစ်ခုအနေနဲ့ဆိုရင် ဓာတ်အား ပြတ်တောက်မှုကိုလည်း အလိုအလျောက် သတင်းပို့နိုင်တယ်။ အခုလို မိုးရာသီကာလမှာ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်တယ်ဆိုတဲ့ အန္တရာယ်ကိုလည်း သတိပေးချက်လေးအနေနဲ့ ထည့်ရေးသင့်တယ်။ အရည်အသွေးမီတဲ့ ဝိုင်ယာကြိုးတွေနဲ့ မိန်းခလုတ်တွေကိုအသုံးပြုဖို့၊ မြေစိုက်ကြိုးကို စနစ်မှန်ကန်စွာထည့်သွင်းဖို့၊ သက်တမ်းလွန်နေတဲ့ မီးကြိုးတွေကို အသုံးမပြုဖို့ဆိုတဲ့ အချက်တွေပေါ့ကွယ်။

နောက်ထပ်တစ်ချက်က ပိုက်ဆံအကုန်မခံရဘဲ လျှပ်စစ်မီးကို ရယူသုံးစွဲလို့ ရတယ်ဆိုတဲ့လူတွေအကြောင်းပေါ့။ တစ်နည်းအားဖြင့်တော့ တရားမဝင် ဓာတ်အားရယူသုံးစွဲနေသူတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းကိုလည်း သမီးလေးထည့်ရေးသင့်တယ်။ တရားမဝင် ဓာတ်အားသုံးစွဲမှုတွေကြောင့် နိုင်ငံတော်ရဲ့ဘဏ္ဍာငွေနဲ့ စီးပွားရေးကို ထိခိုက်စေရုံသာမကဘဲ လျှပ်စစ်မီးမမှန်ခြင်း၊ မီးဘေးအန္တရာယ် ကျရောက်ခြင်းဆိုတဲ့ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတတ်တယ်ဆိုတဲ့ အကြောင်းကိုပါ ဖော်ပြနိုင်ရမယ်သမီး။

လက်ရှိအနေအထားမှာဆိုရင်လည်း တီလေးတို့ မြန်မာနိုင်ငံရဲ့ လျှပ်စစ်ကဏ္ဍမှာ ဓာတ်အားထုတ်လုပ်မှု၊ ပို့လွှတ်မှုနဲ့ ဖြန့်ဖြူးမှုအပိုင်းတွေမှာ စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ် သမီးရေ။ နိုင်ငံတစ်ဝန်းမှာ ကြုံတွေ့နေရတဲ့ ဒီပြဿနာဆိုးကြီးကို တီလေးတို့ပြည်သူတစ်ရပ် လုံးက တာဝန်သိစိတ်နဲ့အတူ ဝိုင်းဝန်းတားဆီးကာကွယ်ကြဖို့ လိုအပ်နေတယ်ဆိုတဲ့အကြောင်းပေါ့။ နောက်ထပ်သမီးလေးသိချင်တဲ့ Electricity Theft ဆိုတာ သက်ဆိုင်ရာလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနရဲ့တရားဝင်ခွင့်ပြုချက် ဒါမှမဟုတ် စာရင်းသွင်းမီတာတပ်ဆင် ထားခြင်းမရှိဘဲနဲ့ လျှပ်စစ်မီးလိုင်းတွေကနေ တိုက်ရိုက်ချိတ်ဆက်ပြီး ခိုးယူသုံးစွဲခြင်းကို ခေါ်တာဖြစ်တယ်။ တရားမဝင် ဓာတ်အားခိုးယူသုံးစွဲ ခြင်းလို့ခေါ်တာပေါ့ သမီးရယ်။

အဲဒီလို ခိုးယူသုံးစွဲနေသူတွေရှိတော့ အမှန်တကယ်မီတာ တပ်ဆင်သုံးစွဲနေတဲ့ အများပြည်သူတွေဆီကို ဓာတ်အားအပြည့်အဝ မဖြန့်ဖြူးနိုင်တော့ဘူးလေ။ ဓာတ်အားမလုံလောက်မှုဆိုတဲ့ ပြဿနာနဲ့ရင်ဆိုင်ကြရတာပေါ့ သမီးရယ်။ ဓာတ်အားကို ခိုးယူသုံးစွဲနေသူတွေဟာလည်း မီတာခမပေးဆောင်ရတဲ့အတွက် ဓာတ်အားကို အတိုင်းအဆမရှိ အလွန်အကျွံသုံးစွဲကြလိမ့်မယ်။ ဒီလိုသုံးစွဲကြတဲ့အခါမှာ ဖြစ်တတ်တဲ့အခြေအနေတွေက ထရန်စဖော်မာတွေ ဝန်အားမနိုင်ဘဲ လောင်ကျွမ်းပျက်စီးကြတာမျိုး၊ လျှပ်စစ်ဗို့အားကျဆင်းပြီး တစ်ရပ်ကွက် လုံးမီးပြတ်တောက်သွားတာမျိုးပေါ့။ တရားဝင်သုံးစွဲနေတဲ့သူတွေ အတွက် စိတ်အနှောင့်အယှက်ဖြစ်ရသလို မီးလောင်မှု၊ ဓာတ်လိုက်မှုဆိုတဲ့ အန္တရာယ်တွေနဲ့လည်း ကြုံတွေ့နိုင်တာပေါ့ကွယ်။

နိုင်ငံသားကောင်းမှ နိုင်ငံကောင်းမှာဖြစ်တယ်၊ ဓာတ်အားခိုးယူ သုံးစွဲခြင်းဟာ နိုင်ငံသားကောင်းတွေရဲ့လုပ်ရပ် မဟုတ်ဘူးသမီးလေးရဲ့။ ဥပဒေအရ ပြင်းထန်စွာအရေးယူခံရနိုင်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်။ မသမာမှုကို ရည်ရွယ်ချက်ရှိရှိလုပ်နေကြတဲ့ ဓာတ်အားခိုးယူသုံးစွဲသူ တွေကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက နည်းပညာနဲ့တားဆီးနိုင်ဖို့ လက်ရှိအခြေအနေမှာဆိုရင်တော့ Smart Meter တွေတပ်ဆင်ပေး တာတို့၊ Advanced Metering Infrastructure (AMI) System တွေကို တိုးချဲ့တည်ဆောက်တာတို့၊ Supervisory Control And Data Acquisition (SCADA) နဲ့ အလိုအလျောက်ဓာတ်အားဖြန့်ဖြူးပေးနိုင်တဲ့စနစ်တွေကို အဆင့်မြှင့်တင်ခြင်း စတာတွေကလည်း အရှိန် အဟုန်နဲ့ဆောင်ရွက်နေကြတယ်။ နိုင်ငံတစ်ဝန်းလုံးအတွက်လည်း အပြည့်အဝ Digital Grid အဖြစ် ပြောင်းလဲဖို့ပေါ့ကွယ်။

နောက်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာ လမ်းတစ်လျှောက်မှာ ဖြစ်တတ်တဲ့ နည်းပညာပိုင်းဆိုင်ရာဆုံးရှုံးမှုတွေ၊ ခွင့်ပြုချက်မရှိဘဲ သုံးစွဲခြင်းစတဲ့ လျှပ်စစ်ဓာတ်အားဆုံးရှုံးမှုတွေကို စမတ်ဂရစ် SCADA လို့ခေါ်တဲ့ အဝေးကကြည့်ရှုကွပ်ကဲနိုင်တဲ့စနစ်နဲ့ အလိုအလျောက် ထိန်းချုပ်ကွပ်ကဲမှုစနစ် Grid Automation တွေနဲ့ ချက်ချင်းဖော်ထုတ် တားဆီးနိုင်တော့မှာပါ သမီးလေး။ အဲဒီလို စောင့်ကြပ်ကြည့်ရှုနိုင်မယ် ဆိုရင်တော့ အကျိုးကျေးဇူးက လျှပ်စစ်ကဏ္ဍမှာ ဝင်ငွေတိုးတက်ရရှိလာမယ်၊ ဒါဆိုရင်နိုင်ငံတော်မှာ နောက်ထပ်တိုးချဲ့တည်ဆောက်မယ့် စီမံကိန်းလုပ်ငန်းသစ်တွေလည်း ပိုမိုအားကောင်းလာမယ်၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ဖို့အတွက်လည်း အထောက်အကူကောင်းတစ်ခု ဖြစ်လာနိုင်မယ်မဟုတ်လားကွယ်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့လည်း ပြည်ပခရီးစဉ်တွေမှာ ဓာတ်အားဖြန့်ဖြူးရေးစနစ် ပိုမိုတိုးတက်စေဖို့နဲ့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ဖို့အတွက် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် JSC “System Operator of the United Power System of Russia” အဖွဲ့၊ ထိုင်းနိုင်ငံ Electricity Generating Authority of Thailand(EGAT)၊ တရုတ်နိုင်ငံ China Southern Power Grid_Lanchang Mekhong International Co.,Ltd.(CSG LMI)တို့နဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်ဆိုတာ ရုပ်မြင်သံကြားသတင်းမှာရော နိုင်ငံပိုင်နေ့စဉ်သတင်းစာတွေမှာပါ ဖော်ပြထားတယ်လေသမီး။ ဒီလိုအဖွဲ့ အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်လည်း ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွေရဲ့စနစ်တွေ အရင်ကထက် တိုးတက်ကောင်းမွန်လာတယ်၊ လျှပ်စစ်ဓာတ် အားခိုးယူသုံးစွဲမှုတွေကို ဖော်ထုတ်လာနိုင်ရုံသာမကဘဲ အနာဂတ်မှာလည်း ဓာတ်အားခိုးသုံးမှု ဆိုတဲ့နိုင်ငံသားကောင်း မပီသတဲ့လုပ်ရပ်တွေ လုံးဝပပျောက်သွားတဲ့အထိ ဆောင်ရွက်နိုင်တော့မယ်လို့ ယုံကြည်မိတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဟာ တိုင်းပြည်တစ်ပြည်ရဲ့ စက်မှုလက်မှု လုပ်ငန်းတွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာသာမကဘဲ ပညာ ရေး၊ ကျန်းမာရေးနဲ့ ဘာသာရေးကိစ္စတွေကအစ၊ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့အထိ လူမှုဘဝတွေကို အလင်းရောင်ပေးနေတဲ့ ဌာန တစ်ခုလို့မြင်နိုင်ရမယ်။

လူသားအရင်းအမြစ်ကိုအခြေပြုပြီး ဆောင်ရွက်နေကြတဲ့ လုပ်ငန်းတိုင်းမှာ အမှားနဲ့အမှန်ဆိုတာလည်းရှိမယ်၊ အကောင်းအဆိုး ဆိုတာလည်းရှိမယ်၊ အမှားတွေနည်းပြီး အမှန်တွေများများလာဖို့၊ အဆိုးတွေနည်းပြီး အကောင်းတွေများများလာဖို့ အပြုသဘောဆောင် တဲ့စိတ်ဓာတ်တွေ၊ လုပ်ရပ်တွေရှိဖို့ လိုအပ်တယ်သမီးရဲ့။ တီလေးတို့ရဲ့ နိုင်ငံကို အဘက်ဘက်က ပြန်လည်တည်ဆောက်နေကြရတဲ့အခုလို အချိန်ကာလမှာ၊ အပျက်သဘောဆောင်တဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့သင့်ပါပြီဆိုတဲ့အကြောင်းကိုလည်း အလေးအနက် ဖော်ပြနိုင်ရမယ်နော်သမီး။

သက်ဆိုင်ရာလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနအနေနဲ့ ဒေသန္တရ အာဏာပိုင်တွေ ပူးပေါင်းပါဝင်တဲ့ အထူးစစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့စည်းပြီးတော့ စက်မှုဇုန်တွေ၊ အလုပ်ရုံတွေနဲ့ လူစည်ကားတဲ့ရပ်ကွက်တွေမှာ ဖြန့်ဖြူးရေးလိုင်းတွေ၊ မီတာတွေကို စနစ်တကျနဲ့ ပုံမှန် ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်တာ၊ လျှပ်စစ်ဥပဒေတွေနဲ့အကျုံးဝင် တဲ့ပြစ်ဒဏ်တွေကို တိတိကျကျ ကျင့်သုံးဆောင်ရွက်တာ၊ တရားမဝင်ဓာတ်အား ခိုးယူသုံးစွဲတာတွေကို ခြွင်းချက်မရှိ တရားစွဲဆိုအရေးယူ ခြင်းနဲ့ ဒဏ်ငွေရိုက်တာတွေကို ဥပဒေနဲ့အညီ တင်းကျပ်စွာဆောင်ရွက် ခြင်းတွေ၊ ပြည်သူတွေအနေနဲ့လည်း ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိနေတဲ့ တရားမဝင်ဓာတ်အားခိုးယူသုံးစွဲခြင်းတွေကို လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်အောင်၊ လွယ်ကူတဲ့စနစ်တွေကိုဖန်တီးပေးတာတွေ၊ တရားမဝင်လုပ်ဆောင်နေတဲ့သူတွေကို အများပြည်သူသိရှိအောင် ဖော်ထုတ်အရေးယူတာမျိုးတွေကအစပေါ့ သမီးရယ်။

လျှပ်စစ်ဝန်ထမ်းတွေအနေနဲ့လည်း သုံးစွဲသူတွေနဲ့ပူးပေါင်းပြီး တရားမဝင်လိုင်းဆွဲခွင့်ပြုခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်းမျိုးတွေ မရှိစေဖို့အတွက် ဌာနတွင်းစစ်ဆေးကြပ်မတ်ရေးကို တင်းတင်း ကျပ်ကျပ်လုပ်ဆောင်ပြီး ပြစ်မှုကျူးလွန်တဲ့ဝန်ထမ်းတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူဖို့တွေကိုပါ ဆောင်ရွက်နေကြပြီ ဆိုတဲ့အကြောင်း သမီးလေးသိစေချင်ပါတယ်။ တကယ်တော့လေ လျှပ်စစ်ဓာတ်အားကို တရားမဝင်ခိုးယူသုံးစွဲခြင်းဟာ အခမဲ့ရရှိလိုက် တဲ့ အရာတစ်ခုဖြစ်ပေမယ့် အသက်အိုးအိမ်စည်းစိမ်နဲ့ မိသားစုရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်နိုင်တဲ့ ရာဇဝတ်မှုတစ်ခုပါသမီးလေး။ သမီးစာထဲမှာမပါတဲ့ အချက်အလက်လေးတွေကိုပါ တီလေး ဖြေပေးလိုက်တယ်။ လိုအပ်တဲ့ အချက်အလက်ကို ထည့်ပြီးရေးပေါ့ကွယ်။

ဒီတစ်ပတ်တော့ တီလေးရေးတဲ့ စာလည်းရှည်သွားပြီ။ ထုံးစံအတိုင်း မြန်မာမလေးကိုနှုတ်ဆက်ချင်တဲ့ စေတနာစကားလေးတစ်ခွန်း ရှိတယ်။ သမီးလေးရေ နိုင်ငံသားကောင်းမှ နိုင်ငံကောင်းမှာဖြစ်လို့၊ အနာဂတ်မှာ နိုင်ငံတော်ကြီးရဲ့တာဝန်တွေကို ပခုံးပြောင်းယူကြရမယ့် မျိုးဆက်သစ်လူငယ်လေးတွေကို သမီးတို့က အတန်းပညာရပ်တွေ၊ အတတ်ပညာရပ်တွေသာမကဘဲ စိတ်ဓာတ်ကောင်းတွေကိုပါ လက်ဆင့်ကမ်းပေးနိုင်တဲ့ ဥယျာဉ်မှူးကောင်းတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ချစ်တဲ့ တီလေး။