အစ္စလာမာဘတ် အောက်တိုဘာ ၅
ပညာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆရာ/ဆရာမများသည် ပါကစ္စတန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် အခြေခံအုတ်မြစ်ချသူများဖြစ်ကာ ၎င်းတို့၏ ဆောင်ရွက်ချက်များသည် နိုင်ငံ၏အနာဂတ်အား ပုံဖော်နေကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗတ် ရှာရစ်က အောက်တိုဘာ ၅ ရက်တွင် ပြောကြားသည်။
ပြောကြား
ဆရာ/ဆရာမများသည် လူငယ်များအား ပြုစုပျိုးထောင်ရာတွင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သူများဖြစ်ကာ လူငယ်များ၏စွမ်းရည်ကို မြှင့်တင်ပေးခြင်း၊ ဗဟုသုတကိုချဲ့ထွင်ပေးခြင်းနှင့် လူ့အဖွဲ့အစည်းကို ပုံဖော်ရာတွင် အထောက်အကူဖြစ်စေမည့် တန်ဖိုးများကို ပျိုးထောင်ပေးခြင်း စသည့် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက်ရှိကြကြောင်း အောက်တိုဘာ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ၎င်းက ပြောကြားသည်။ ပါကစ္စတန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးစနစ်၏ အရည်အသွေးနှင့်ဆက်စပ်နေပြီး ဆရာ/ဆရာမများ၏ ပညာရေးလုပ်ငန်းအပေါ် မြှုပ်နှံ၍ ဆောင်ရွက်မှုများနှင့် သက်ဆိုင်နေကြောင်း ၎င်းက ပြောကြားသည်။ ဉာဏ်ရည်တုနည်းပညာ၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး၊ နည်းပညာဆန်းသစ်မှုများနှင့် အလုပ်အကိုင်ဆိုင်ရာဈေးကွက်၏ ပြောင်းလဲလာသည့် တောင်းဆိုချက်များအား တုံ့ပြန်ဆောင်ရွက်နိုင်သည့် အားလုံးပါဝင်သော အနာဂတ်ဦးစားပေး ပညာသင်ကြားရေးစနစ်တစ်ခုတည်ထောင်ရန် လိုအပ် ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ အစိုးရအနေဖြင့် ဆရာ/ဆရာမများအား အသက်မွေးဝမ်းကျောင်း လုပ်ငန်းဆိုင်ရာ သင်တန်းများ၊ ခေတ်မီပညာရေးဆိုင်ရာ အရင်းအမြစ်များနှင့် သင်ကြားရေးနှင့် သင်ယူရေးဆိုင်ရာ အထောက်အကူပြုပတ်ဝန်းကျင်များကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ လူငယ်များတွင် စက်မှုလုပ်ငန်းနှင့် အလုပ်အကိုင်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီသည့်ကျွမ်းကျင်မှုများ ရရှိလာစေရန်အတွက် အစိုးရအနေဖြင့် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိသလို နည်းပညာနှင့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ သင်တန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖြောင့်မတ်တည်ကြည်မှု၊ ကရုဏာတရား၊ သည်းခံခွင့်လွှတ်မှု၊ စည်းကမ်းလိုက်နာမှု၊ တီထွင်ဖန်တီးနိုင်စွမ်း၊ အပြန် အလှန်လေးစားမှုနှင့် မျိုးချစ်စိတ်ဓာတ်တို့နှင့် ပြည့်စုံသည့် မျိုးဆက်သစ်တစ်ရပ်သည် အနာဂတ်တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဆင်ဟွာ


