နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသည့် ရွှေတံဆိပ်ဆုရ မြန်မာ့လက်ရွေးစင် Esports အသင်းအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို

ရန်ကုန် အောက်တိုဘာ ၆

 

အကြိမ်(၂၀)မြောက်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ဆုရရှိအောင် စွမ်းဆောင်၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သည့် အောင်ပွဲရမြန်မာ့လက်ရွေးစင် Esports အသင်းမှ မြန်မာနိုင်ငံ Esports အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းမြတ်စံ၊ ဒုတိယဥက္ကဋ္ဌ၊ နည်းပြများနှင့် အားကစားသမားများသည် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံ Esports အဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ တိုင်းရင်းသားဘာသာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၏ မိဘဆွေမျိုးမိတ်သင်္ဂဟများက ဂုဏ်ပြုပန်းစည်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 

၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၂၀ ရက်အထိ ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာမြို့ရှိ (Nagoya City Higashi Sports Center)၌ ကျင်းပခဲ့သည့် အကြိမ် (၂၀)မြောက် အာရှအားကစားပြိုင်ပွဲတွင်  မြန်မာ့လက်ရွေးစင် Esports အသင်းသည် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Esports အမျိုးသားအသင်းပြိုင်ပွဲတွင် မျိုးမြင့်ကိုကိုကျော်၊ ဟိန်းထက်ဦး၊ ကျော်သူရ၊ ဟန်ထူးဆွေ၊ ရှိုင်းလင်းအောင်တို့က ရွှေတံဆိပ်ဆုတစ်ခုကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။

 

မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့လက်ရွေးစင် Esports အသင်းသည် အုပ်စုအဆင့်နှင့် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များ ကို အကောင်းဆုံးယှဉ်ပြိုင် အနိုင်ယူကျော်ဖြတ်၍ (Semi Final Stage) အကြို ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အကြိုဗိုလ်လုပွဲ ပွဲစဉ်တွင် မြန်မာ Esports အသင်းသည် မလေးရှားအသင်းကို ရလဒ် (၂)ပွဲ ပြတ်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အာရှအားကစားပြိုင်ပွဲ၏ အမြင့်မားဆုံးသော(Grand Final) ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

 

ယင်းနောက် မြန်မာ Esports အသင်းသည် (Grand Final) ဗိုလ်လုပွဲ ပွဲစဉ်တွင် (Best of Seven) ပွဲငယ်(၇)ပွဲ ယှဉ်ပြိုင်ရာ တွင် (၄)ပွဲ အနိုင်ရရှိမည့်အသင်းသည် ပထမဆုရရှိမည်ဖြစ်သည့်အတွက် မြန်မာ Esports အသင်း သည် (Game-1 မှ Game-4 အထိ) အမှားအယွင်းနည်းစွာဖြင့် ရှုံးပွဲမရှိ အကောင်းဆုံးယှဉ်ပြိုင်၍ အင်ဒိုနီးရှားအသင်းကို ၄ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံအဖြစ် ပထမရွှေတံဆိပ်ဆုကို ထိုက်ထိုက် တန်တန် အောင်မြင်စွာ ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် အကြိမ် (၂၀)မြောက် အာရှအားကစား ပြိုင်ပွဲ၏ Mobile Legends : Bang Bang(MLBB) ပြိုင်ပွဲတွင် မြန်မာ Esports  အားကစားနည်း၏ သမိုင်းမှတ်တိုင်သစ်တစ်ခုကို စိုက်ထူပေးနိုင်ခဲ့သည်။

 

အဆိုပါ အကြိမ် (၂၀)မြောက် အာရှအားကစားပြိုင်ပွဲ၏ Mobile Legends : Bang Bang (MLBB) ပြိုင်ပွဲတွင် ဒုတိယဆုကို အင်ဒိုနီးရှားအသင်းကလည်းကောင်း၊ တတိယဆုကို မလေးရှားအသင်းနှင့် မွန်ဂိုလီးယားအသင်းတို့က ပူးတွဲ၍လည်းကောင်း ရရှိခဲ့သည်။

 

မြန်မာ Esports အသင်းမှ ဆွတ်ခူးရရှိခဲ့သည့် ရွှေတံဆိပ်ဆုသည် ဆုတံဆိပ်တစ်ခုမျှတင်မကဘဲ မြန်မာ့ Esports သမိုင်းတစ်လျှောက် အာရှအဆင့်တွင် မြန်မာ Esports အားကစားနည်းအတွက် ပထမဆုံးရရှိခဲ့သည့် မြင့်မားလှသော အောင်မြင်မှုတစ်ရပ်ဖြစ်ပြီး ယခုအောင်မြင်မှုသည် မြန်မာ့ Esports ကဏ္ဍ တစ်ခုလုံး၏ အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်၍ နောင်လာမည့် မျိုးဆက်သစ် Esports အားကစား သမားများအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်စေရုံသာမက ပြိုင်ပွဲဝင်နိုင်ငံများ၏ နိုင်ငံတကာစင်မြင့်ထက်တွင် မြန်မာနိုင်ငံတော်သီချင်းကို ဂုဏ်ယူဝင့်ကြွားစွာသီဆို၍ နိုင်ငံတကာအလယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏အလံကို ဆက်လက်လွှင့်ထူနိုင်ရန် အားအင်အပြည့်နှင့် စိတ်ဓာတ်ခွန်အားများစွာ ရရှိစေခဲ့သော အောင်မြင်မှုတစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်