တရားဥပဒေစိုးမိုးသည့် နေရာဒေသများနှင့် ဝေးကွာသောအရပ်များတွင် တည်ရှိနေသည့် မူးယစ်ဆေးဝါးနှင့် အွန်လိုင်းငွေလိမ်လောင်းကစား လုပ်ငန်းများက မိမိတို့နိုင်ငံ၏ အမျိုးသားရေး ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေသည်။ အဆိုပါ ဒုစရိုက်လုပ်ငန်းများသည် နယ်စွန်နယ်ဖျား နေရာများရှိ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့အစည်းများ၏ အကာအကွယ်အောက်တွင်ရှိနေကြပြီး ယင်းလက်နက်ကိုင်သောင်းကျန်းသူများ၏ ဝင်ငွေရလမ်းများအနေဖြင့် ပတ်သက်လျက်ရှိနေကြသည်။
ပြီးခဲ့သည့်လအတွင်းက ကျင်းပခဲ့သည့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးမှုခင်းများ စုံစမ်းစစ်ဆေးခြင်း ဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲတွင် ဒေသတွင်း မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု အခြေအနေသည် လျင်မြန်စွာပြောင်းလဲဖြစ်ပေါ်လျက်ရှိကြောင်း၊ နေရာတစ်ခုတည်းတွင် မူးယစ်ဆေးဝါးများကိုထုတ်လုပ်၍ နိုင်ငံအများစုသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရရှိလာသော ငွေကြေးအမြတ်အစွန်းများကို သီးခြားတရားစီရင်ပိုင်ခွင့်ရှိသော နိုင်ငံများတွင် သိုဝှက်ထိန်းသိမ်း ထားကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သောအဖွဲ့များသည် တစ်ခုနှင့်တစ်ခု ကွန်ရက် ချိတ်ဆက်ဆောင်ရွက်နေပြီး နည်းပညာများလည်း ပိုမိုဆန်းသစ်စွာ အသုံးပြုလာသည်ကို တွေ့ရှိရကြောင်း၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းအဖွဲ့များသည် ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင် မပါဝင်သော ဓာတုပစ္စည်းအသစ်များကို ပြောင်းလဲအသုံးပြုလာကြပြီး စုံစမ်းစစ်ဆေးမှုမှ ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့၏ ဓာတုဗေဒဖော်မြူလာများကို ပြုပြင်ပြောင်းလဲလာကြောင်း၊ နယ်စပ်မှ တရားမဝင်ဝင်ရောက်လာသည့် နိုင်ငံခြားသား ဓာတုဗေဒပညာရှင်များကိုလည်း ငှားရမ်း အသုံးပြုလာကြကြောင်း မြန်မာနိုင်ငံမူးယစ်/ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူးက ပြောကြားခဲ့သည်။
ဓာတုပစ္စည်းအခြေခံ မူးယစ်ဆေးဝါးအသစ်များ (Synthetic Drugs) သည် ဘိန်း၊ ဆေးခြောက် စသည်တို့ကဲ့သို့ သဘာဝအပင်များမှ တိုက်ရိုက်ထုတ်လုပ်ခြင်းမဟုတ်ဘဲ လူလုပ်ဓာတုပစ္စည်းများနှင့် Precursor Chemicals ခေါ်ရှေ့ပြေး ဓာတုပစ္စည်းများကို ပေါင်းစပ်ချက်လုပ်ထားသည့် စိတ်ပြောင်း ဆေးဝါးများဖြစ်ကြသည်။ အဓိကအားဖြင့် တွေ့ရှိရသည့် ဓာတုအခြေခံ မူးယစ်ဆေးဝါးအသစ်များနှင့် အမျိုးအစားများမှာ အိုက်စ် (Ice) နှင့် စိတ်ကြွဆေးပြား (WY) ပုံစံဖြင့် ပျံ့နှံ့နေသော မက်သာ ဖက်တမင်း၊ ဆေးဘက်ဆိုင်ရာ မေ့ဆေးတစ်မျိုးဖြစ်သော်လည်း ဓာတုနည်းဖြင့် ပုံစံပြောင်းကာ အလွဲသုံးနေကြသည့် K ခေါ် ကတ်တမင်း၊ သဘာဝဘိန်းထက် အဆ ၅၀ မှ ၁၀၀ ခန့်အထိ ပိုမိုပြင်းထန်ပြီး အလွန်သေးငယ်သော ပမာဏဖြင့်ပင် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဖန်တာနိုင်း (Fentanyl )၊ ဖန်တာနိုင်းထက် ပိုမိုအားပြင်းပြီး အသက်ရှူ ရပ်တန့်မှုကို လျင်မြန်စွာဖြစ်စေနိုင်သည့် နိုက်တာဇင်း (Nitazenes)၊ K2 သို့မဟုတ် Spice ဟုလူသိများပြီး သဘာဝဆေးခြောက်ထက် စိတ်ကူး ယဉ် အာရုံချောက်ချားမှုနှင့် ဦးနှောက်ထိခိုက်မှုကို ပိုမိုဆိုးရွားစွာ ခံစား ရစေသည့် ဆေးခြောက်အတု၊ Happy Water သို့မဟုတ် K- Powder စသည့် အမည်များဖြင့် မက်သာဖက်တမင်း၊ ကတ်တမင်း၊ အက်စတာစီ (Ecstasy) စသည့် ဓာတုဆေးမျိုးစုံကို အမှုန့်ပြုလုပ်ကာ အဖျော်ယမကာများထဲ ထည့်သွင်းသောက်သုံးသည့် ပုံစံအသစ်များဖြစ်သည်။
မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုနိုင်သည့် ဓာတုပစ္စည်းများ အမယ်ပေါင်းများစွာကို အစိုးရများက တားမြစ်ပိတ်ပင်ထားသော်လည်း ကန့်သတ်ထားခြင်းမရှိသည့် အခြားစက်မှုလုပ်ငန်းသုံး ဓာတုပစ္စည်း အသစ်များကို မူးယစ်ဂိုဏ်းများက လွှဲပြောင်းအသုံးပြုကာ မူးယစ်ဆေးဝါးအဖြစ် အသွင်ပြောင်း ချက်လုပ်လာကြခြင်းဖြစ်သည်။ ဓာတုပစ္စည်းအခြေခံမူးယစ်ဆေးများသည် ပြင်းအားကို ခန့်မှန်းရခက်ခဲခြင်း၊ စွဲလမ်းမှုနှုန်း အဆမတန်မြင့်မားခြင်းနှင့် ပမာဏအနည်းငယ်မျှ အသုံး မှားရုံမျှဖြင့် ချက်ချင်းနှလုံးရပ်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းတို့ ဖြစ်နိုင်သည်။
မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံတည်း၏ ပြဿနာမဟုတ်ဘဲ နိုင်ငံစုံပြဿနာ၊ နိုင်ငံ ဖြတ်ကျော် ပြဿနာဖြစ်သည်။ အခြားနိုင်ငံများမှထုတ်လုပ်သည့် ဓာတုပစ္စည်းများ၊ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းများ၊ နိုင်ငံခြားဓာတုဗေဒပညာရှင်များ၊ နိုင်ငံဖြတ်ကျော် ငွေကြေးလွှဲပြောင်းမှုများ စသည်တို့က နိုင်ငံတစ်နိုင်ငံတည်းဖြင့် တားဆီးနှိမ်နင်းရန်၊ ကိုင်တွယ်ဖြေရှင်းရန်မဖြစ်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။ နိုင်ငံတကာချိတ်ဆက်ထားသည့် မူးယစ်ဂိုဏ်းကွန်ရက်များနှင့် ပြည်တွင်း ရှိ လက်နက်ကိုင်သောင်းကျန်းသူများ အကျိုးတူပူးပေါင်းကာ မိမိတို့နိုင်ငံ နယ်နိမိတ်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ရောင်းဝယ်ဖောက်ကားမှုများကို မိမိတို့နိုင်ငံအနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြင်းပြင်းထန်ထန် တားဆီးနှိမ်နင်းလျက်ရှိသည်။
နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဖြစ်သည့် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ် ဖောက်ကားမှုများကို မိမိနိုင်ငံအတွင်း၌သာလျှင် တားဆီးနှိမ်နင်းနေ၍မရဘဲ နိုင်ငံစုံပူးပေါင်းလက်တွဲ၍ ထိထိရောက်ရောက် နှိမ်နင်းမှသာလျှင် ဆက်လက်ကြီးထွား မလာစေရန် ထိန်းချုပ်နိုင်ပါမည့် အကြောင်း။


