ဝေယံလင်း(တာချီလိတ်)
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရော်ဘာပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက် ရှိပါသည်။ ရော်ဘာကို လူ့အသုံးအဆောင်ပစ္စည်းများ၊ စက်မှုလုပ်ငန်းများတွင် ကုန်ကြမ်းအဖြစ် မရှိမဖြစ်သုံးစွဲ ကြသည်။ နိုင်ငံအတွင်းမှ ထွက်ရှိသည့် သဘာဝရော်ဘာ၊ RSS-3/5 နှင့် MSR-20 ရော်ဘာများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် နယ်မြေဒေသ အခြေအနေအလိုက် ကျိုင်းတုံ - မိုင်းလားဂိတ် - တာလော့ သို့လည်းကောင်း၊ တာချီလိတ်မြို့နယ် - ဝမ်ပုံ ဆိပ်ကမ်းမှလည်းကောင်း၊ ကျိုင်းလပ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်လည်းကောင်း တင်ပို့လျက်ရှိရာ နိုင်ငံတော်နှင့် ဒေသအလိုက် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး များစွာအထောက်အကူပြုလျက် ရှိပါသည်။
တရုတ်နိုင်ငံ ဂျင်းဟုန်မြို့သို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် "Jinghong Highway Port of Entry" (ဂျင်းဟုန်ကုန်းလမ်းနယ်စပ်ဝင်ပေါက်)ဟူ၍ သီးခြား သတ်မှတ်ထားသော ဝင်ပေါက်မရှိဘဲ ဂျင်းဟုန် (Jinghong)မြို့၏ အုပ်ချုပ်မှုနယ်မြေအတွင်း အကောက်ခွန်ရှင်းလင်းရေး နေရာနှစ်ခုရှိကြောင်း သိရှိရသည်။ ယင်းနေရာများမှာ Menglong (240)၊ BP (240) ကုန်းလမ်းနယ်စပ်ဖြတ်ကျော်ပေါက်နှင့် Guanlei ဆိပ်ကမ်း (ရေလမ်းကြောင်း)တို့ ဖြစ်ကြသည်။
မြန်မာနိုင်ငံမှ ရော်ဘာတင်သွင်းရာတွင် အဓိကကျသော ကုန်းလမ်းနယ်စပ်ဝင်ပေါက်မှာ Daluo ဆိပ်ကမ်းဖြစ်ကြောင်းသိရသည်။ “ဂျင်းဟုန်၏ အုပ်ချုပ်မှုနယ်မြေအတွင်းရှိ နယ်စပ်ဖြတ်ကျော် ပေါက်များ” သို့မဟုတ် “ မြန်မာနိုင်ငံမှ တင်ပို့သောရော်ဘာ”များအတွက် သီးခြားတင်သွင်းမှုပမာဏ (တန်ချိန်) စာရင်းဇယားမှတ်တမ်းများကိုမူ အများပြည်သူသို့ ထုတ်ပြန်ပေးလေ့မရှိကြောင်း သိရှိရသည်။
တရုတ်နိုင်ငံ ဂျင်းဟုန်မြို့ Menglong မြို့နယ်ခွဲနယ်စပ်သည် မြန်မာနိုင်ငံနှင့် မဟုတ်ဘဲ လာအိုနိုင်ငံ နှင့် ဆက်စပ်လျက်ရှိပြီး တင်သွင်းလာသော ရော်ဘာအများစုမှာ လာအိုနိုင်ငံမှဖြစ်ကြောင်း သိရသည်။ (“အစားထိုးစိုက်ပျိုးရေး” အစီအစဉ်များမှတစ်ဆင့် ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့သော ရော်ဘာများဖြစ်သည်)။ မြန်မာ့ရော်ဘာပမာဏ အနည်းငယ်မျှသာ ဤနေရာတွင် အကောက်ခွန် ရှင်းလင်းရန်အတွက် ပြည်တွင်းမှတစ်ဆင့် သယ်ယူပို့ဆောင်လာခြင်းမျိုးသာရှိနိုင်သော်လည်း မြန်မာ့ ရော်ဘာအတွက် ပုံမှန်ကုန်းလမ်းတင်သွင်းမှု ကုန်သွယ်ရေးမျိုးမရှိကြောင်း သိရပါသည်။ ထုတ်ပြန် ထားသော အကောက်ခွန်အစီရင်ခံစာများ၌ လာအို နိုင်ငံမှ ရော်ဘာတင်သွင်းမှုများကိုသာ အဓိကထား ဖော်ပြလေ့ရှိပါသည်။
၂၀၂၅ ခုနှစ်အတွက် Menglong နယ်စပ်ဖြတ် ကျော်ပေါက်၏ စုစုပေါင်းကုန်စည်သယ်ယူပို့ဆောင်မှု ပမာဏကို တန်ချိန် (၁ ဒသမ ၂) သန်းခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း ဤကိန်းဂဏန်းတွင် မူလထုတ်လုပ်သည့် နိုင်ငံအလိုက် ရော်ဘာတန်ချိန် ပမာဏကို ခွဲခြားဖော်ပြထားခြင်းမရှိပါ။ မဲခေါင် (Mekong) မြစ်ကြောင်းမှတစ်ဆင့် သွားလာနိုင်ပြီး မြန်မာနိုင်ငံမှရေလမ်းဖြင့် သယ်ယူလာသော ရော်ဘာများကို လက်ခံနိုင်သော်လည်း ပမာဏမှာ အတော်အတန် နည်းပါးကြောင်းလည်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၊ Xishuangbanna ဒေသသို့ မြန်မာ့ရော်ဘာ ဝင်ရောက်ရာ အဓိကဆိပ်ကမ်းဖြစ်သည့် Daluo ဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံမှ သဘာဝရော်ဘာ (Ribbed Smoked Sheets - RSS) တင်သွင်းမှုပမာဏမှာ စုစုပေါင်းတန်ချိန် ၂၉၈၀၀ ခန့်ရှိပြီး တန်ဖိုးအားဖြင့် ယွမ်သန်း ၃၀၀ ခန့်ရှိကြောင်း သိရသည်။ ယင်းသည် Xishuangbanna ဒေသသို့ မြန်မာ့ရော်ဘာများ ဝင်ရောက်ရာ အဓိကကုန်းလမ်းကြောင်းတစ်ခု ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ရရှိသော သဘာဝရော်ဘာ ပထမဆုံး အသုတ် (Ribbed Smoked Sheets တန်ချိန် ၂၈၀)သည် Daluo ဆိပ်ကမ်းမှတစ်ဆင့် ဝင်ရောက် ခဲ့ကြောင်း သက်ဆိုင်ရာမှသိရပါသည်။ မြန်မာနိုင်ငံဘက်မှ FORM-E ဦးစားပေး မူရင်းနိုင်ငံ ဆိုင်ရာလက်မှတ် (Preferential Certificate of Origin)ကို ထုတ်ပေးခဲ့ပြီး အဆိုပါကုန်ပစ္စည်းတင်ပို့ မှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ရရှိကာ သွင်းကုန် Value Added Tax(VAT)တန်ဖိုး ထပ်ဖြည့် ခွန်ကိုသာ ပေးဆောင်ရန် လိုအပ်ခဲ့ပါသည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း Guanlei ဆိပ်ကမ်းမှတစ်ဆင့် တင်သွင်းခဲ့သော ရော်ဘာနှင့် ရော်ဘာထုတ်ကုန်စုစုပေါင်းပမာဏမှာ တန်ချိန် ၄၅၀၃ တန်ရှိပြီး တန်ဖိုးအားဖြင့် ယွမ် ၅၃ ဒသမ ၉ သန်းရှိကြောင်း သိရှိရပါသည်။ ဤကိန်းဂဏန်းသည် လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့မှ တင်သွင်းမှုများကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး မြန်မာ့ရော်ဘာအတွက် သီးခြားပမာဏကို ခွဲခြားဖော်ပြ ထားခြင်းမရှိကြောင်း တွေ့ရမည်ဖြစ်ပါသည်။
ထို့ပြင် မန္တလေးမြို့မှ ပုံမှန်ကုန်းလမ်းကြောင်းအတိုင်း မန္တလေး-ကျိုင်းတုံ-မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံ Daluo ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ပြီး Jinghong ဒေသရှိ ရော်ဘာကုန်ကြမ်း ပြုပြင် ထုတ်လုပ်ရေးစက်ရုံများသို့ ဆက်လက်သယ်ယူခြင်း ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ တွင် တရုတ်နိုင်ငံ Xishuangbanna အကောက်ခွန် ဌာန၏ ကြီးကြပ်မှုနယ်ပယ်အတွင်း (Daluo၊ Meng-long နှင့် Guanlei လမ်းကြောင်းများ အပါအဝင်) အထူးအခွင့်အရေးဖြစ်သော အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခဲ့သည့် သဘာဝရော်ဘာ (လာအိုနှင့် မြန်မာနိုင်ငံတို့မှ စုစုပေါင်းပမာဏ) ၏ တန်ဖိုးမှာ Renminbi (RMB) သန်း ၁၄၀ ရှိခဲ့ကြောင်း လေ့လာ သိရှိရပါသည်။
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း အဆိုပါဒေသ၌ သဘာဝရော်ဘာကုန်ကြမ်းတင်သွင်းမှုအတွက် နယ်စပ်ဖြတ်ကျော် RMB ငွေပေးချေမှုပမာဏမှာ စုစုပေါင်း RMB ၂၅၃ သန်းခန့်ရှိကြောင်းလည်း သိရသည်။ မြန်မာနှင့် လာအိုနိုင်ငံတို့အတွက် ပမာဏများကို သီးခြားခွဲခြားဖော်ပြထားခြင်းမရှိပါ။ ၂၀၂၄ ခုနှစ်တွင် Xishuangbanna ဒေသသည် မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့မှ သဘာဝရော်ဘာ ကုန်ကြမ်း စုစုပေါင်းမက်ထရစ်တန်ချိန် ၃၉၀၀၀၀ ကို တင်သွင်းနိုင်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ် သြဂုတ်လတွင် တရုတ်နိုင်ငံ၏ သဘာဝရော်ဘာတင်သွင်းမှုစုစုပေါင်း တန် ၄၈၆၀၀၀ ရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၆ ဒသမ သုည ရာခိုင်နှုန်း တိုးမြှင့်ခဲ့ကာ ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၆ ဒသမ ၇ ရာခိုင်နှုန်း လျော့နည်း ခဲ့ကြောင်း သိရသည်။ တင်သွင်းမှု စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၄၆ သန်း (၁ ဒသမ ၀၄၆ ဘီလီယံ)ဖြစ်ပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၃ ရာခိုင်နှုန်းတိုးမြှင့်ခဲ့ရာ ယခင်နှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက ၁၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက် ခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိ စုစုပေါင်းတင်သွင်းမှုမှာ မက်ထရစ်တန် ၄၀၇၅၈၀၀ ဖြစ်ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၁၀ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ရော်ဘာဈေးကွက်သို့ ရော်ဘာတင်သွင်းမှု စုစုပေါင်း၏ ထိပ်တန်းသုံးနိုင်ငံမှာ ထိုင်း၊ လာအို နှင့် ဗီယက်နမ်နိုင်ငံတို့ ဖြစ်ကြသည်။ ထိုင်းနိုင်ငံမှ တန် ၁၈၅၈၀၀ စုစုပေါင်း၏ ၃၈ ဒသမ ၂ ရာခိုင်နှုန်း၊ လာအိုနိုင်ငံမှ တန် ၈၀၇၀၀ ၊ စုစုပေါင်း၏ ၁၆ ဒသမ ၆ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံမှ တန် ၇၂၇၀၀ စုစုပေါင်း၏ ၁၄ ဒသမ ၉ ရာခိုင်နှုန်းခန့် တင်သွင်းထားနိုင်ခဲ့ကြောင်း သိရှိရပါသည်။
သို့ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းလား၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းမြို့နယ် များမှ ထွက်ရှိသည့် ရော်ဘာများကို နိုင်ငံနယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော ထိုင်း၊ လာအိုနိုင်ငံတို့မှတစ်ဆင့် တင်ပို့ရောင်းချပါက အဆိုပါနိုင်ငံများ၏ ရော်ဘာတင်ပို့မှုစာရင်းတွင်သာ ပါဝင်သွားနိုင်ပြီး မြန်မာနိုင်ငံတင်ပို့မှုစာရင်းတွင် ပါရှိနိုင်မည်မဟုတ် ကြောင်း သိရှိနိုင်မည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ ထွက်ရှိသော ရော်ဘာများနှင့် မြန်မာနိုင်ငံဒေသအနှံ့အပြားမှ ထွက်ရှိသော ရော်ဘာများကို ကျိုင်းတုံ-မိုင်းလား- တာလော့မှ တရုတ်နိုင်ငံသို့လည်းကောင်း၊ ကျိုင်းတုံ- မိုင်းဖြတ် - တာလေ - ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့သို့ လည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေးစခန်း ဝမ်ပုံဆိပ်ကမ်းမှ မဲခေါင်မြစ်ကြောင်းအတိုင်း တရုတ်နိုင်ငံ၊ လာအိုနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့သို့လည်းကောင်း တရားဝင်သတ်မှတ်ချက်များနှင့်အညီ လွယ်ကူစွာ တင်ပို့နိုင်မည် ဖြစ်ပါသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရာတွင် မြန်မာ နိုင်ငံဘက်မှ FORM-E ဦးစားပေး မူရင်းနိုင်ငံဆိုင်ရာ လက်မှတ် (Preferential Certificate of Origin) အား ထုတ်ပေးလျက်ရှိသဖြင့် ရော်ဘာသည် အစားထိုးစိုက်ပျိုးရေးသီးနှံ Quota ပေးသည့် ကုန်ပစ္စည်း ဖြစ်သည့်အတွက် အခွန်ကင်းလွတ်ခွင့်လည်း သတ်မှတ်ကာလအထိ အကျိုးခံစားခွင့်ရရှိမည် ဖြစ်ပါသည်။ အလားတူ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့သို့ တင်ပို့မည်ဆိုပါကလည်း မြန်မာနိုင်ငံဘက်မှ FORM-D ဦးစားပေး မူရင်းနိုင်ငံဆိုင်ရာ လက်မှတ်ကို ထုတ်ပေးလျက်ရှိသဖြင့် အကျိုးကျေးဇူးဖြစ်ထွန်း မည်ဖြစ်ပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံ၏ အခြားဒေသများနှင့် ရှမ်းပြည်နယ်ရှိ ရော်ဘာစိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်း ရှင်များ၊ ကုန်သွယ်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့ဒေသအတွင်း လူမှုစီးပွား ဖြစ်ထွန်းစေရန် ပြည်ပဈေးကွက်များသို့ လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေး နည်းလမ်းများအား ရေးသား တင်ပြလိုက်ရပါသည်။


