နိုင်ဂျီးရီးယားနိုင်ငံတွင် ရေနံပိုက်လိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ငါးဦးရှိ

၂၁ ဇန်နဝါရီ

 

နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသဖြစ်သော လာဂို့စ်တွင် ရေနံပိုက်လိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ငါးဦးအထိရှိလာကြောင်း နိုင်ငံပိုင် နိုင်ဂျီးရီးယား အမျိုးသားကော်ပိုရေးရှင်း၏ ယနေ့ ပြောကြားချက်အရ သိရသည်။

 

လာဂို့စ်ရှိ အလီမိုဆိုဒေသတွင် ယမန်နေ့ညပိုင်းက ရေနံပိုက်လိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အလောင်းနှစ်လောင်းထက်မနည်းကို အစောပိုင်းက တွေ့ရှိခဲ့ကြောင်း ထိုအမျိုးသားအရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားခဲ့သည်။

 

နိုင်ဂျီးရီးယားနိုင်ငံရှိ ရေနံပိုက်လိုင်း ဖျက်ဆီးမှုများသည် ဇွန်လနှင့် နှိုင်းယှဉ်လျှင် ဇူလိုင်လတွင် ၁၁၅ ရာခိုင်နှုန်း မြင့်တက်ကာ  ၂၀၁၉ ခုနှစ် ဩဂုတ်လတွင် ယင်းကဲ့သို့ ဖြစ်ရပ်များ များပြားလာသည်ဟု နိုင်ဂျီးရီးယား အမျိုးသားကော်ပိုရေးရှင်း က ပြောကြားခဲ့သည်။

 

အဆိုပါ ဖြစ်ရပ်ကြောင့် သေဆုံးသူများထဲတွင် ကလေးတစ်ဦး ထက်မနည်း ပါရှိသည်ဟု လာဂို့စ်ပြည်နယ် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ နိုစာ အိုကူဘာ က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

ထိုပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးတောက်လောင်ကျွမ်းမှုကြောင့် အဆောက်အဦ ခုနစ်လုံး ပျက်စီးခဲ့ပြီး ပေ ၄၀ ရှည်သော ကွန်တိန်နာများ တင်ထားသည့် ထရပ်ကား ၁၁ စီးလည်း ပျက်စီးသွားခဲ့ကြောင်း အိုကူဘာ က ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို